Traditoinal Banana Soup

20200508_081836-01

Traditoinal Banana Soup

ငှက်ပျောသီးဟင်းခါး

ဒီတစ်ခေါက်မှာတော့ ရွာကိုရောက်တိုင်း ချက်စားဖြစ်တဲ့ ငှက်ပျောသီးဟင်းခါးလုပ်နည်းအကြောင်းကိုပြောပြပေးပါမယ်။ လုပ်ရတာအရမ်းလွယ်သလောက် စားရတာအရမ်းအရသာရှိပြီး ထမင်းမြိန်စေမယ့် အရည်သောက်ဟင်းတစ်ခွက်ပါ။ လုပ်ပုံလုပ်နည်းကတော့ ကြက်ဥကြော်ရသလောက်ကို ရိုးရှင်းလွန်းပါတယ်။

ပါဝင်ပစ္စည်းများ

ဖီးကြမ်းငှက်ပျောသီးအစိမ်း – ၄ လုံးခန့် (ဟင်းခါးတစ်အိုးစာ)
ပုစွန်ခြောက် – အချိုခြောက် အနေတော်အကောင် (ဟင်းခါးတစ်အိုးစာ)
ဟင်းခတ်မှုန့် – အနည်းငယ်ငရုတ်ကောင်းမှုန့် – အနည်းငယ်
ငံပြာရည် – အနည်းငယ်
ဆား – အနည်းငယ်
ကြက်သွန်ဖြူ – ၄ မွှာ (သို့) ၅ မွှာခန့်

ရှေးဦးစွာ ဟင်းခါးပြုလုပ်ဖို့အတွက် အိုးထဲသို့ ရေထည့်ကာ ပွက်ပွက်ဆူလာသည်အထိ တည်ပေးရပါမယ်။ ငှက်ပျောသီးကို ထပ်ခြမ်းခွဲကာ ၁၅ မိနစ်ခန့်ရေစိမ်ထားရပါမယ်။ ပွက်ပွက်ဆူလာပါက ဟင်းရည်ထဲသို့ ထပ်ခြမ်းခွဲထားသော ငှက်ပျောသီးအသားများကို ဇွန်းဖြင့် ခြစ်ထည့်ပေးရပါမယ်။ ထို့နောက်တွင် ငှက်ပျောသီးအသားများ နူးအိလာသည်အထိထားပြီး ပုစွန်ခြောက်၊ ငရုတ်ကောင်းမှုန့်နဲ့ အပေါ့အငံကို မိမိစိတ်ကြိုက်အနေအထားအထိထည့်ပေးရပါမယ်။ ကြက်သွန်ဖြူအမွှာလေးတွေကိုထောင်းထည့်ပေးရပါမယ်။

ငှက်ပျောသီးဟင်းခါးက တောရွာတွေမှာချက်စားလေ့ရှိပြီး ငပိရည်၊ လတ်လတ်ဆတ်ဆတ်တို့စရာတွေနဲ့ တွဲဖက်စားရင် လွန်စွာမှ ထမင်းမြိန်စေပါတယ်။ ကိုယ်တိုင်လွယ်လွယ်ကူကူနဲ့ လုပ်စားလို့ရတဲ့ ငှက်ပျောသီးဟင်းခါးချက်နည်းကို ဒီတစ်ပတ်ပိတ်ရက်မှာ လုပ်စားကြည့်ကြပါဦး။