ကြေးအိုးကို အိမ်မှာလုပ်စားရင် ဆိုင်လောက်ကောင်းပါ့မလား

26231455_323324471502405_5185243246752832754_n

ကြေးအိုးကို အိမ်မှာလုပ်စားရင် ဆိုင်လောက်ကောင်းပါ့မလား

ကြေးအိုးကို အိမ်မှာလုပ်စားရင် ဆိုင်လောက်ကောင်းပါ့မလား

ကြေးအိုးက မြန်မာလူမျိုးတော်တော်များများကြိုက်တဲ့အစားအစာလို့ဆိုလို့ရပါတယ်။ နေရာတော်တော်များများဆိုင်တော်တော်များများလည်းရှိပါတယ်။ ဒါပေမယ့် တချို့ဆိုင်တွေမှာရောင်းတဲ့ကြေးအိုးဆိုတာက ကြာဆန်ပြုတ်နဲ့သိပ်မကွာတဲ့အရသာမျိုးနဲ့ပါ။ ကြေးအိုးကို ကိုယ်တိုင်လုပ်စားဖို့စိတ်ကူးရှိတယ်ဆိုရင်တော့ ကြေးအိုးဆိုင်ကောင်းကောင်းမှာစားရသလို အရသာမျိုးရဖို့အတွက် အောက်ကနည်းလမ်းလေးတွေ အသုံးပြုပြီး ကြိုးစားကြည့်ပါ။

ကြေးအိုးမှာ အရေးအကြီးဆုံးက ဟင်းရည်ပါ။ အခုချက်နည်းအတိုင်းက နာမည်ကြီးဆိုင်တွေကလောက်ကောင်းမှာမဟုတ်ပေမယ့် စားလို့တော့ အရမ်းကောင်းတဲ့နည်းလမ်းပါ။ ထည့်မယ့်အသားကိုလုံးတဲ့အခါ တရုတ်မဆလာကြိုက်ရင်ထည့်နှပ်ထားနိုင်ပါတယ်။

လိုအပ်တဲ့ပစ္စည်းများ

ကြက်ရိုး (သို့) ဝက်ရိုး အူစုံ၊ အသည်းစုံ
နှုတ်နှုတ်စဉ်းထားသော အသား
ပဲပြား
မုန်ညှင်းစိမ်း
ရှာလကာရည်
ငုံးဥ
ကြာဆန်
ငရုတ်ဆီ
ငရုတ်သီးစိမ်း
ကြက်သွန်ဖြူ

အရင်ဆုံး အဓိကအရာဖြစ်တဲ့ ဟင်းရည်ကို စပြုလုပ်ပါမယ်။ အရိုးကို ရေအလောတော်နဲ့ ထည့်ပြုတ်ပေးပါ။ အပေါ့အငံကို ချိန်ဆထည့်ပြီးဟင်းခတ်မှုန့်အနည်းငယ်ထည့်နိုင်ပါတယ်။ ကြက်သားမှုန့်ကတော့ အရည်အရသာကိုပြောင်းသွားစေနိုင်တာကြောင့် အချိုမှုန့်အနည်းငယ်ပဲထည့်ရင်ရပါပြီ။ အချိုဓာတ်အနည်းငယ်ရစေဖို့ သကြားအနည်းငယ်ထည့်ပေးပါ။ အရိုးများ နူးသည်အထိပြုတ်ပေးရပါမယ်။ အခြားအရွက်နဲ့ဟင်းခတ်အမွှေးအကြိုင်များကိုမထည့်သွင်းပါနဲ့ ကြေးအိုးအရည်အရသာပြောင်းသွားစေနိုင်ပါတယ်။

နှုတ်နှုတ်စဉ်းထားတဲ့အသားကို ကော်မှုန့်၊ ဆား၊ အချိူမှုန့်၊ ကြက်ဥအကာ၊ တရုတ်ကြက်သွန်မြိတ်၊ ငရုတ်ကောင်းအနည်းငယ်တို့နဲ့နှယ်ပြီး နှပ်ထားပေးပါ။ မုန်ညှင်းစိမ်းအရွက်ကို စားကောင်းသည့်အနေအထားထိ လှီးဖြတ်ထားပါ။ အသည်းအမြစ်၊ အူစုံသည်းစုံတို့ကိုအနေတော်အတုံးလေးတွေတုံးပြီး ဆား၊ အချိုမှုန့်အနည်းငယ်ဖြင့်နှယ်ပေးပါ။ တစ်မျိုးချင်းစီအလိုက်ကို ပြုတ်ပေးပါ။ ပဲပြားနှင့် ငုံးဥတို့ကိုလည်းအသင့်ပြင်ဆင်ထားပါ။ ကြာဆန်ကို ရေစိမ်ပြီး အရေစစ်ထားပါ။

နှမ်းဆီကို ပူလာသည်အထိ ဒယ်အိုးတွင်အပူပေးပါ။ ခွက်ထဲသို့ ငရုတ်ကောင်းလှော်ထောင်းကိုထည့်ပြီးနောက်ဆီပူကိုထပ်လောင်းထည့်ပေးပါ။ သီးသန့်အိုးတွင် အရိုးပြုတ်ဟင်းရည်ကိုထည့်ပါ။ ထို့နောက်အသားလုံး၊ အူစုံသည်းစုံတို့ကိုထပ်ထည့်ပေးပါ။ ထို့နောက် ကြာဆန်ကိုထည့်ပေးပါ။ ပဲပြား၊ ငုံးဥနဲ့ အရွက်တို့ကို နောက်ဆုံးမှထည့်ပါ။ အနေတော်အရသာရပြီဆိုပါက ပြင်ဆင်ထားသည့် နှမ်းဆီ ငရုတ်ကောင်းလှော်ထောင်းကိုထည့်ပါ။

ကြေးအိုးမှာ အသားနဲ့စားတဲ့ အချဉ်ကလည်းအရေးပါပါတယ်။ ငရုတ်သီးစိမ်းကို ပါးပါးလှီးပြီး ရှာလကာရည်၊ သကြားအနည်းငယ်၊ ဆား၊ ငံပြာရည်နဲ့ရေကျက်အေးအနည်းငယ်ထည့်ပြီး အချဉ်စပ်စားပါ။ အချဉ်ကို မိမိကြိုက်နှစ်သက်ရာပုံစံနဲ့လည်း ပြင်ဆင်နိုင်ပါတယ်။ ငရုတ်ဆီထပ်ထည့်ပြီး အရသာရှိတဲ့အချဉ်နဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ်။