Djenkol Bean Poisoning

007813500_1574223524-2019-11-19__1_

Djenkol Bean Poisoning

ကောင်းကျိုးမပေးတဲ့ အသီး

လောကမှာ ကောင်းကျိုးမပေးတဲ့အရာတွေတော်တော်များများရှိပါတယ်။ အစားအသောက်အနေနဲ့ပြောရရင်တော့ကောင်းကျိုးမပေးတဲ့အသီးကတော့ တညင်းသီးပါ။ အခုလိုမိုးရာသီရောက်တိုင်းပေါ်တတ်တဲ့ တညင်းသီးကိုမက်မက်မောမောနဲ့စားကြတဲ့သူအများစုက အမျိုးသမီးတွေပါ။ အတို့အမြုပ်သော်လည်းကောင်း၊ ဟင်းထဲထည့်၍သော်လည်းကောင်းပုံစံအမျိုးမျိုးနဲ့စားကြပါတယ်။ ကမ္ဘာပေါ်မှာ တညင်းသီးစားတဲ့နိုင်ငံဆိုလို့ ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံနဲ့ မြန်မာနိုင်ငံစတဲ့ နိုင်ငံ ၄ နိုင်ငံသာရှိတယ်လို့ စစ်တမ်းတစ်ရပ်ကဆိုပါတယ်။

တညင်းသီးကို ဘာကြောင့် ကောင်းကျိုးမပေးတဲ့အသီးလို့ဆိုရသလဲဆိုတာ လေ့လာကြည့်ရအောင်။ တညင်းသီးမှာ (Djenkolic Acid) ဆိုတဲ့ အက်ဆစ်ဓာတ်ပေါင်းတစ်မျိုး ပါဝင်နေပါတယ်။ တညင်းသီး ၁၀ဝ ဂရမ်ကို အဆိုပါ အက်ဆစ် ဝ.၃ ဂရမ်မှ ၁.၃ ဂရမ်အထိ ပါဝင်ပါတယ်။


ပုံမှန်အားဖြင့် ဂျင်ခေါလစ်အက်ဆစ်ကို ဆီးထဲကနေ ပြန်ပြီးစွန့်ထုတ်ပါတယ်။ အချို့လူတွေမှာ တစ်ခါတစ်ရံ ဂျင်ခေါလစ်အက်ဆစ် ဟာ ဆီးထဲမှာ အနယ်အမှုန်တွေဖြစ်သွားပြီး ဆီးလမ်းကြောင်းကို ပိတ်ဆို့နိုင်ပါတယ်။ အဲဒီလိုဖြစ်မယ်ဆိုရင် ဗိုက်နာခြင်း၊ ဆီးမသွားနိုင်ခြင်း၊ ဆီးမှာ သွေးပါခြင်းစတဲ့ ဝေဒနာတွေ ခံစားရနိုင်ပါတယ်။ အဲဒါကို တညင်းသီး အဆိပ်သင့်တယ် (Djenkolic Acid Poisoning) လို့ ပြောနိုင်ပါတယ်။

တညင်းသီးကိုတချို့က ယောက္ခမမျက်နှာမြင်ရသလို မြင်တာနဲ့လန့်နေတဲ့သူတွေရှိသလို တချို့ကလည်း အသစ်စက်စက်ရည်းစားတစ်ယောက်လိုမက်မက်မောမောရှိလှပါတယ်။ တညင်းသီးရဲ့ အဓိကဒုက္ခပေးပုံကတော့စားပြီးတဲ့သူရဲ့ ဆီးကို အတော်လေးဒုက္ခပေးနိုင်ပါတယ်။ အထူးသဖြင့်အစားအသောက် မဆင်ခြင်တဲ့ ကိုယ်ဝန်ဆောင်သည်တစ်ယောက် တညင်းသီးစားမိမယ်ဆိုရင် အသက်အန္တရာယ်ပါထိခိုက်နိုင်ပါတယ်။

တညင်းသီးက ခံတွင်းအနံ့ကိုလည်းဆိုးစေနိုင်သလို ဆီးသွားတဲ့အခါမှာလည်း အနံ့ဆိုးစေနိုင်ပါတယ်။ လူဆိုတဲ့အမျိုးကလည်းမကောင်းတာကိုမှတွယ်တာတတ်တဲ့သဘောရှိလေတော့လည်း သက်သာရာနည်းလမ်းနဲ့ ထိခိုက်မှုအနည်းဆုံးနည်းနဲ့တော့ စားကောင်း စားနိုင်ပါတယ်။ တညင်းသီးကို မီးအုံ၊ မီးဖုတ်စားခြင်းကိုရှောင်ပါ။ ရေကို ထပ်ခါ ထပ်ခါပြုတ်ပါ။ ရေအသစ်လဲ၍ အနည်းဆုံး ၄ ကြိမ်မှ ၅ ကြိမ်ခန့်ပြုတ်ပါ။ တညင်းသီးကို ဆားရည်ထဲမှာ အချိန်ကြာကြာစိမ်ပေးပါ။ ဒီနည်းလမ်းတွေက စိတ်အချရဆုံးနည်းလမ်းတွေမဟုတ်ပေမယ့် ကျန်းမာရေးအတွက် အထိအခိုက်နည်းနိုင်သမျှ နည်းစေမယ့်နည်းလမ်းတွေပါ။

ရသတဏှာဆိုတာကတော့ လူတိုင်းရှောင်လွှဲမရနိုင်တဲ့အရာပါ။ စားပြီးတာနဲ့တစ်ပြိုင်နက် ခေါက်ခနဲမသေသွားနိုင်တဲ့အစားအစာမို့လည်းအခုထိစားနေကြသေးတာပေါ့။ ဒါပေမယ့် ရေရှည်မှာမကောင်းဘူးဆိုတာတော့ သိထားသင့်ပါတယ်။ အစားအတစ်လုပ်ကြောင့် စမှုန်တုံးရမယ့်ကိစ္စကိုတော့အသိဉာဏ်ရှိလူသားတိုင်း ဆင်ခြင်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်။