How to make Cilone Tea

cl

How to make Cilone Tea

စီလုံတီးပြုလုပ်နည်း

စီလုံတီးဆိုတာက နွားနို့ပျစ်ပျစ်၊ မလိုင်များများနဲ့ ဖျော်စပ်ထားတဲ့ လဘက်ရည်တစ်ဝက်၊ နွားနို့မလိုင် တစ်ဝက်လောက် အချိုးကျ ရောစပ်ထားတဲ့ မလိုင်အားကောင်းတဲ့ စီလုံတီးပါ။

မူလပထမ စီလုံတီးကို စတင်တီထွင်ရောင်းချခဲ့တာကတော့ ရွှေမြို့တော်ရဲ့ ” ပန်းဟေဝန် ” စားဖွယ်စုံ လို့ အင်တာနက်မှာ လေ့လာမှတ်သား ဖတ်ရှုဖူးပါတယ်။ ကဲ စီလုံတီးရဖို့ ဘယ်လိုပစ္စည်းတွေလိုတယ်ဆိုတာကိုဆက်လက် လေ့လာကြည့်ရှုလိုက်ရအောင်။

စီလုံတီးရဲ့ ပါဝင်ပစ္စည်းတွေကတော့

ဆား – လက်ဖက်ရည်ဇွန်းနှင့် အနည်းငယ်

လက်ဖက်ခြောက် အချိုခြောက် – အကြမ်းခွက် တစ်လုံး (သို့မဟုတ်) တစ်ခွက်တစ်ဝက်

သကြား – လဘက်ရည်ဇွန်း ၃ ဇွန်း (သို့မဟုတ်) ၄ ဇွန်း

နွားနို့မလိုင် – ကော်ဖီခွက် တစ်ခွက် (သို့) တစ်ခွက်ခွဲ

နို့ဆီ – လဘက်ရည်ဇွန်း ၁၀ ဇွန်း

နို့စိမ်း – အကြမ်းပန်းကန် တစ်ခွက်စာ (သို့မဟုတ်) တစ်ခွက်ခွဲ

ရေနွေး – ကော်ဖီခွက် ၅ ခွက်စာ

စီလုံတီး ပြုလုပ်နည်း

ဦးစွာ ကော်ဖီ ၅ ခွက်စာရေကို ဆူအောင်ကြိုချက်ရပါမယ်။ ဆူလာပြီဆိုပါက လဘက်ခြောက် အချိုခြောက်ကို ဆားခပ်ပြီး လဘက်ရည် အကျရတဲ့အထိ နှပ်ပါ။ ၁၅ မိနစ် မိနစ် ၂၀ ခန့် မီးအရှိန်အသင့်အတင့်နဲ့ လဘက်ခြောက် ကျတဲ့အထိ နှပ်ပါ။ လဘက်ခြောက်ကို ကျတဲ့အထိ နှပ်မှ အရောင်လှပြီး သောက်လို့ကောင်းတဲ့ စီလုံတီးတစ်ခွက်ကို ရရှိမှာဖြစ်ပါတယ်။ လဘက်ခြောက်နှပ်တဲ့ အပိုင်းက စီလုံတီးတစ်ခွက် ကောင်းခြင်း မကောင်းခြင်းအတွက် အဓိကျကျတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

လဘက်ခြောက် နှပ်ပြီးပြီဆိုပါက လဘက်ရည်ကို လဘက်ခြောက် မပါအောင် သေချာလေး စစ်ယူရပါမယ်။ ထို့နောက် နိုစိမ်း၊ နို့ဆီနဲ့သကြားတို့ကို ထည့်ဖျော်ပါ။ အချိုကြိုက်ပါက သကြားအနည်းငယ်ပိုထည့်နိုင်ပါတယ်။
သောက်မယ့်ခွက်ထဲကို လဘက်ရည်အရင်ထည့်ပြီး အပေါ်ကနေ နွားနို့မလိုင်ကိုထည့်ပေးရပါမယ်။ နွားနို့မလိုင်ကို နိုင်နိုင်ထည့်ရန်လိုအပ်ပြီး လဘက်ရည်တစ်ဝက် နွားနို့မလိုင်တစ်ဝက်မှ တကယ်အရသာရှိပြီး သောက်လို့ကောင်းတဲ့ စီလုံတီးတစ်ခွက်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

Street foods and health

foodiesfeed.com_malaysian-lok-lok-hot-pot-ingredients-compressor

Street foods and health

လမ်းဘေးစာမစားခင်မှာ ဒါကိုအရင်ဖတ်ကြည့်ပါ

လမ်းဘေးစာဆိုတာဘာလဲ။


ရှင်းရှင်းလေးပါပဲ။ လမ်းဘေးမှာရောင်းချတဲ့အစားအစာမို့ လမ်းဘေးစာလို့ခေါ်ရခြင်းပါ။ အလွယ်တကူစားသုံးမိခြင်းရဲ့ နောက်ကွယ်မှာ ကျန်းမာရေးအကျိုးဆက်တွေလည်းရှိလာနိုင်ပါတယ်။ လမ်းဘေးအစားအသောက်တွေက လူအသွားအလာများတဲ့နေရာတွေမှာ အဓိကထားရောင်းချတာကြောင့် အစားအစာတွေမှာ ပိုးမွှားတွေနဲ့ ဖုန်မှုန့်တွေအလွယ်တကူ ကပ်တွယ်နေနိုင်ပါတယ်။

သင်လမ်းဘေးစာစားတဲ့သူတစ်ယောက်ဆိုရင်တော့ ဆောင်ရန် ရှောင်ရန်နဲ့ကျန်းမာရေးဗဟုသုတများကို ပြန်လည်မျှဝေပေးပါမယ်။

ကင်ထားတဲ့ အသားပြားတွေနဲ့ အသားလုံးတွေဟာ မီးဖိုနဲ့ တိုက်ရိုက်ထိတွေ့ပြီး ချက်ပြုတ်ရပါတယ်။ မီးဖိုကနေထွက်ရှိလာတဲ့ မီးခိုးအပူရှိန်နဲ့ ကင်ရ၊ မီးမြိုက်ရတာကြောင့် ကင်ဆာဖြစ်ပွားနိုင်တဲ့အခွင့်အလမ်းကို ပိုမိုမြင့်တက်လာစေပါတယ်။ ဆီနဲ့ကြော်ထားတဲ့ အကင်အသားပြားတွေကလည်း ထပ်တူပဲ ကျန်းမာရေးကိုထိုခိုက်စေနိုင်ပါတယ်။

အသုပ်၊ အပူအစပ်အစားအစာရောင်းချတဲ့ လမ်းဘေးဆိုင်အများစုမှာအသုံးပြုတဲ့ကုန်ကြမ်းပစ္စည်းတွေဖြစ်တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ၊ငရုတ်သီးခြောက်မှုန့်၊ ပုစွန်ခြောက်တွေမှာ တခါတလေ မှိုတက်နေနိုင်ပါတယ်။ နောက်ပြီး သဘာဝပအချဉ်မဟုတ်တဲ့ ဗီနီဂါတွေကိုလည်း အချဉ်ပိုကဲဖို့ အသုံးပြုလေ့ရှိတာကြောင့် အစာမကြေတာနဲ့ ဝမ်းပျက်ဝမ်းလျှောတာတွေဖြစ်နိုင်ပါတယ်။

ချက်ပြုတ်ပြင်ဆင်ထားပြီးသားအစားအစာတွေကို ရောင်းချနေတဲ့ ဈေးဆိုင်တန်းတွေထက် ချက်ချင်း ချက်ပြုတ်ပေးထားတဲ့ဈေးဆိုင်တွေကို ရွေးချယ်ပါ၊ အသင့်စားအစားအစားတွေက တစ်ခါတလေမှာ ယခင်နေ့ က ကျန်ရစ်နေတဲ့အစားအစာတွေကို ပြန်လည်အပူပေးပြီး ရောင်းချတာဖြစ်နိုင်ပါတယ်။ ယင်းလိုမျိုး အစားအစာတွေဟာ အန္တရာယ်ရှိတဲ့ ဘက်တီးရီယားပိုးတွေပါဝင်နိုင်ပြီး နေထိုင်မကောင်းဖြစ်စေနိုင်ပါတယ်။

 

ယာဉ်ကြောထူထပ်တဲ့နေရာတွေမှာရှိတဲ့ လမ်းဘေးအစားအစာတွေကို ရှောင်ကြည်ပါ။ – Carbon monoxide ပမာဏများပြားစွာပါဝင်တဲ့ အစားအစာတွေကိုပုံမှန်စားသုံးခြင်းက အဆုတ်ရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ အသက်ရှုလမ်းကြောင်းစနစ်ကို ဆိုးရွားစွာထိခိုက်စေပါတယ်။ အဆိုပါ ဖြစ်စဉ်က ခေါင်းမှုးခြင်း၊ အသက်ရှုရခက်ခဲခြင်းနှင့် ပျို့အန်ခြင်းတွေဖြစ်ပေါ်နိုင်ပါတယ်။ ဒါ့အပြင်မော်တော်ယာဉ် မှထွက်သော အိတ်ဇောအငွေ့တွေက ကာဗွန်အမှုန့်တွေနဲ့ ခဲတွေပါဝင်နေတဲ့အတွက် ၎င်းတို့ဟာ ကင်ဆာရောဂါဖြစ်ပွားစေနိုင်တဲ့ ဒြပ်ပေါင်းတွေဖြစ်ပါတယ်။

Healthy Organic Foods

og1

Healthy Organic Foods

အော်ဂဲနစ်ဟင်းသီးဟင်းရွက်များ အလေးထားစားသုံးသင့်ပြီ

ယနေ့ပြည်သူများကား ရောဂါ ပေါင်းစုံအကြား ဖြတ်သန်းသွားလာ နေကြရသည်။ လေထု၊ မြေထု၊ ရေထု များက လူသားတို့ပယောဂကြောင့် ညစ်ညမ်းနေကြပြီး လူသားတိုင်းနီးပါး ရောဂါတစ်မျိုးမဟုတ်တစ်မျိုး ခံစား နေကြရသည့် ယနေ့အချိန်တွင် ကျန်းမာရေးသည် အရေးကြီးလာ သည်။ ကျန်းမာရေးအတွက် စနစ် တကျ နေထိုင်စားသောက်ကြရန် လိုအပ်သည်ဖြစ်ရာ ကျန်းမာစေသည့် အစားအစာများ ရွေးချယ် စားသုံးရန် အရေးကြီးသည်။ အထူးသဖြင့် အသီး အရွက်စားခြင်းသည် ကျန်းမာရေး အတွက် ကောင်းမွန်သော်လည်း ပိုး သတ်ဆေးကင်းစင်သော ဓာတုဆေးဝါး အသုံးပြုမှုမရှိသော အသီးအရွက်များ ကို စားသုံးမှသာ ကျန်းမာရေးအတွက် အထောက်အကူပြုစေမည်ဖြစ်သည်။ လူတို့အတွက် အန္တရာယ် ကင်းမည့် အသီးအရွက်များ စားသုံးနိုင်မှုကို ကမ္ဘာတစ်ဝန်း၌ တွင်တွင်ကျယ်ကျယ် ဆောင်ရွက် လာလျက်ရှိရာ အဆိပ် အတောက်ကင်းသည့် အော်ဂဲနစ် အသီးအနှံများနှင့် ပတ်သက်ပြီး ဒေါက်တာ ခင်မောင်လွင် (FAME) နှင့်တွေ့ဆုံမေးမြန်းမှုကို ဖော်ပြ လိုက်ပါသည်။

မေး ။ ။အော်ဂဲနစ် အစားအစာဆိုတာဘယ်လိုအမျိုးအစားလဲ ရှင်းပြပေးစေလိုပါတယ်။

ဖြေ ။ ။အတိုချုံးပြောရရင် ဓာတုလွတ်စိုက်ပျိုးနည်းနဲ့ စိုက်ပျိုးထွက်ရှိလာတဲ့ အသီးအရွက် အစားအစာတွေဖြစ်ပါတယ်။ စိုက်ပျိုးတဲ့အခါ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေ စတဲ့ ဓာတုရုပ်ကြွင်းတွေ မပါသလောက် လျော့နည်းရမှာဖြစ်သလို အသီးအနှံမျိုးစေ့တွေကို လည်း မျိုးဗီဇပြုပြင်ထားခြင်း မပြုလုပ်ရပါဘူး။ ဒါ့အပြင် ဓာတုလွတ်စိုက်ပျိုးထွက်ရှိလာတဲ့ ဟင်းသီးဟင်းရွက် အသီးအနှံတွေ ဖြစ်ပေမယ့် အမြန်မှည့်အောင် ဓာတုဆေးရည်စိမ်တာတွေ၊ ပိုးမွှားကင်းအောင် ဓာတ်ရောင်ခြည် ပေးတာတွေလည်း မပြုလုပ်ရပါဘူး။ ကြာရှည်ခံဆေး တွေလည်း အသုံးမပြုရပါဘူး။ သဘာဝအရောင် အဆင်း၊ အနံ့အရသာအတိုင်းရှိတဲ့ ဟင်းသီးဟင်းရွက် အစားအစာတွေကို အော်ဂဲနစ် အစားအစာ တွေလို့ ပြောရမှာဖြစ်ပါတယ်။

မေး ။ ။စားသုံးသူတွေအနေနဲ့ အော်ဂဲနစ်အစားအစာဟုတ် မဟုတ် ဘယ်လိုသိနိုင်မလဲ ပြောပြပေးပါဦး။

ဖြေ ။ ။ ဒါက အရေးကြီးပါတယ်။ စားသုံးတဲ့ ပြည်သူတွေအတွက် အော်ဂဲနစ်အစားအစာ ဖြစ် မဖြစ်ဆိုတာ ခွဲခြားဖို့ အတွက်ကတော့ စားသုံးကုန်တွေမှာ အော်ဂဲနစ်ဖြစ် ကြောင်း ရေးသားဖော်္ပြထားတာတွေရှိတယ်။ မြန်မာ နိုင်ငံမှာလည်း အော်ဂဲနစ်အစုအဖွဲ့က ထုတ်ပေးထားတဲ့ အသိအမှတ် ပြုလက်မှတ် ထုတ်ပေး ထားတာတွေ ရှိပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်းရှိပါတယ်။ ကမ္ဘာပေါ်မှာ အော်ဂဲနစ်နဲ့ပတ်သက်ပြီး အဆင့်အမြင့်ဆုံးအဖွဲ့ အစည်းနှစ်ခုအဖြစ် ဂျာမနီအခြေစိုက် IFOAM အဖွဲ့အစည်းနဲ့ အမေရိကန်အခြေစိုက် USDA အဖွဲ့အစည်းတွေရှိပါတယ်။ သူတို့တွေက အသိအမှတ်ပြု လက်မှတ် ထုတ်ပေး သလို အဲဒီအသိ အမှတ်ပြုမရှိဘဲ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထုတ်လုပ်သူတွေ ကလည်း အော်ဂဲနစ် အစားအစာဖြစ်ကြောင်း ရိုးသားစွာဖော်ပြရောင်းချတာရှိပါတယ်။ လိမ်ညာတာတွေလည်း ရှိနိုင်ပေမယ့် နောက်ဆုံးအနေနဲ့ သီးနှံရဲ့ ပုံပန်းသဏ္ဌာန်၊ အရောင်အဆင်း၊ အရွယ်အစား တွေကိုကြည့်ပြီး ခွဲရမှာပါ။ အော်ဂဲနစ်သီးနှံတွေဟာ အရွယ်အစား သေးငယ်ပြီး သဘာဝ အတိုင်း မှည့်ရင်လည်းအဝါရောင် ကွက်တိကွက်ကြား ဖြစ်နေပါတယ်။ ဆေးရည်စိမ်ထားတဲ့ သစ်သီးမှည့်တွေက တစ်ပြေးညီအဝါရောင် ဖြစ်နေတာပါ။

မေး ။ ။မြန်မာနိုင်ငံမှာ အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်မှုတွေရှိနေပြီလား။ သူတို့ကိုရော ဘယ်အဖွဲ့အစည်းက စစ်ဆေးအတည်ပြုလက်မှတ်ထုတ်ပေးလဲဆိုတာ သိလို ပါတယ်။

ဖြေ ။ ။မြန်မာနိုင်ငံမှာ အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်မှုတွေ တဖြည်းဖြည်းတိုးတက်လာ နေပြီဖြစ်ပါတယ်။ အော်ဂဲနစ်သီးနှံတွေကို ရွေးချယ်စားသုံးတဲ့ လူတန်းစားလည်း ရှိနေပါပြီ။ မြန်မာနိုင်ငံ အော်ဂဲနစ်အစုအဖွဲ့ကို ၂ဝဝ၆ ခုနှစ်က စတင်ဖွဲ့စည်းထားပြီးဖြစ်လို့ အဲဒီအဖွဲ့က ကွင်းဆင်းစစ်ဆေးပြီး အော်ဂဲနစ်ထောက်ခံချက် လက်မှတ် ထုတ်ပေးထား တဲ့ အဖွဲ့အစည်းလေးခု၊ အော်ဂဲနစ်ထောက်ခံချက် လက်မှတ် ရရှိထားတဲ့ စိုက်ပျိုး ခြံပေါင်း ၁၄ ခု၊ အော်ဂဲနစ်ထောက်ခံချက်လက်မှတ်ရရှိထားပြီး စိုက်ပျိုးနေသူ ၁၆ ဦးတို့ရဲ့ ခြံတွေ လည်းရှိ နေပြီဖြစ်ပါတယ်။ အဲဒါတွေက ရန်ကုန်၊ ညောင်ရွှေ၊ နေပြည်တော်၊ စစ်ကိုင်း၊ ပြင်ဦးလွင်၊ မွန်ပြည်နယ်၊ ကျောက်တစ်လုံး၊ မိတ္ထီလာ၊ ဘိုကလေး၊ လပွတ္တာ၊ မင်းလှ၊ လက်ပံတန်း၊ ပုသိမ်ကြီးစတဲ့နေရာအနှံ့အပြားမှာ ခြံတွေစိုက်ပျိုးနေကြတာဖြစ်ပါတယ်။

မေး ။ ။ ဓာတုဆေး၊ ပိုးသတ်ဆေးတွေ အသုံးပြုထားတဲ့ ဟင်းသီးဟင်းရွက်တွေ စားသုံးပြီး ပိုးသတ်ဆေးတွေ ခန္ဓာကိုယ်ထဲ ဝင်ရင် ဘယ်လိုရောဂါမျိုးခံစားနိုင်လဲ ဒေါက်တာ။

ဖြေ ။ ။အကြိမ်ကြိမ်ရေဆေးပြီး စားသုံးရပါလိမ့်မယ်။ ပိုးသတ်ဆေးကြောင့် မျက်စိနဲ့ ပတ်သက်တဲ့ရောဂါ၊ အရေပြားနဲ့ ပတ်သက်တဲ့ရောဂါ၊ အူနဲ့ အစာလမ်းကြောင်း ရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ နှလုံးသွေးကြော ဆိုင်ရာ လက္ခဏာဖြစ်တဲ့ နှလုံးခုန်မမှန်တာ၊ ရင်တုန်မောပန်းတာတွေနဲ့ ဦးနှောက်နဲ့ အာရုံကြော ဆိုင်ရာ ရောဂါ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။ ခေါင်းကိုက်၊ ခေါင်းမူးတာ၊ စိတ်ဓာတ် ကျဆင်းတာ၊ မှတ်Óဏ်ထိခိုက်မှုနဲ့ ကြွက်သားတွေအားပျော့ တာတွေဖြစ်နိုင်ပါတယ်၊ ဒါ့အပြင် ကင်ဆာ ရောဂါတွေလည်းဖြစ်ပွားနိုင်ပြီး မျိုးပွားအင်္ဂါထိခိုက်ကာ သားသမီးမရနိုင်တာတွေပါ ဖြစ်ပွား နိုင်ပါတယ်။

မေး ။ ။ကမ္ဘာမှာ အော်ဂဲနစ် စိုက်ပျိုးရေးကို ဘယ်အချိန်ကတည်းက စတင်ခဲ့တာရယ်၊ မြန်မာနိုင်ငံမှာ အော်ဂဲနစ်အစားအစာတွေ စိုက်ပျိုးစားသုံးသင့်တယ်ဆိုတာ အကြံပြုပြောပေးပါဦး။

ဖြေ ။ ။ကမ္ဘာပေါ်မှာ အော်ဂဲနစ် စိုက်ပျိုးမှုစနစ်ကိုကြည့်ရင် လူ့သမိုင်းမှာ စိုက်ပျိုး ရေးကို စတင်ခဲ့တဲ့အချိန်ကစပြီး ၁၈ ရာစု အစပိုင်းအထိ အော်ဂဲနစ် သို့မဟုတ် သဘာဝအတိုင်းစိုက်ပျိုးခဲ့ကြတာပါ။ ၁၈ ရာစုအစပိုင်းမှာ ဓာတ်မြေဩဇာသုံးစွဲမှုတွေ စတင်ခဲ့ပြီး စိုက်ပျိုးမှု အချိန်တို၊ အထွက်တိုးမှုတွေကြောင့် တောင်သူတွေ သုံးစွဲမှု တိုးမြင့် လာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်အင်္ဂလန်နိုင်ငံသား ရုက္ခဗေဒပညာရှင် ဆာအဲလ်ဘတ် ဟိုးဝပ်က ၁၈၉၈ ခုနှစ်မှာ အော်ဂဲနစ်စိုက်ပျိုးမှုစနစ်ကို လေ့လာသုတေသနပြုခဲ့ပြီး နောက်ပိုင်း အကောင်အထည်ဖော် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း စားသုံးသူတွေ ကျန်းမာဖို့ရော၊ အပင်တွေ ကျန်းမာဖို့အပြင် ကမ္ဘာမြေကြီးထိခိုက်ပျက်စီးမှုမရှိအောင်နဲ့ သဘာဝပတ်ဝန်း ကျင်တိရစ္ဆာန်တွေ ထိခိုက်ဆုံးရှုံးမှုမရှိအောင် အော်ဂဲနစ်စိုက်ပျိုးမှုနဲ့ အော်ဂဲနစ်သီးနှံတွေ စားသုံးမှုကို အလေးထားပြုလုပ် သင့်ပါတယ်ဟု ဒေါက်တာ ခင်မောင်လွင်(FAME) က ဖြေကြားခဲ့သည်။

source:

https://www.moi.gov.mm/?q=news/6/11/2018/id-4967

kantkawphyu food house

40527876_254521115200985_5516844835551576064_n

kantkawphyu food house

ဈေးနှုန်းသက်သာပြီး အစားအသောက်ကောင်းတဲ့ဆိုင်

ဒီတစ်ခေါက်မှာ ဘောက်ထော်ဘက်က ဈေးနှုန်းသက်သာပြီးအစားအသောက်ကောင်းတဲ့ ဆိုင်လေးတစ်ဆိုင်အကြောင်းပြောချင်ပါတယ်။ ဆိုင်ကအရမ်းမကြီးပေမယ့် သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းလေးတဲ့ ဆွဲဆောင်မှုရှိတဲ့ ကံ့ကော်ဖြု Food House ပါ။

ဆိုင်ကိုရောက်ရောက်ချင်းမှာ သုံးဆောင်ဖို့ချပေးတဲ့ Detox Water နဲ့ လက်ဘက်ရည်ကြမ်းကို အတော်လေးသဘောကျမိတယ်။ စားဖြစ်ခဲ့တာကတော့ ပုန်းရည်ကြီးထမင်းသုပ်နဲ့ ကြက်အူခြောင်းပါ။ ဆီအရမ်းမများပဲ စားရတာအရသာကောင်းတဲ့ ဟင်းပွဲလေးတစ်ခုပေါ့။

နောက်ထပ်စားချင်နေတဲ့ ပဲပြားအစာသွပ်ကိုလည်း သဘောကျတယ်။ ခပ်ချဉ်ချဉ်အရသာလေးနဲ့ ပုန်းရည်ကြီးထမင်းနဲ့ တွဲစားခဲ့တယ်။ တစ်ပွဲကို အစာသွပ် ၄ ခုပါပြီး ၁၀၀၀ ကျပ်ပဲကျပါတယ်။

အချိုပွဲအနေနဲ့ကတော့ ကံ့ကော်ဖြူကော်ဖီသောက်ဖြစ်ခဲ့တယ်။ ကော်ဖီဖျော်စက်နဲ့ သေချာဖျော်ထားတာဖြစ်ပြီး ကော်ဖီကို အရသာခံသောက်တဲ့သူတွေအတွက် အကြိုက်တွေ့စေမှာပါ။

ဆိုင်အပြင်ဆင်ပုံစံလေးကလည်း ချစ်ဖို့ကောင်းပြီး ကျွန်တော်သွားထိုင်တဲ့အချိန်တုန်းကတော့ လူရှင်းနေတဲ့အချိန်ဖြစ်ပါတယ်။ ဆိုင်မှာ မြန်မာလူမျိုးတွေအစားများလေ့ရှိတဲ့ အစားအသောက်တွေအစုံအလင်ရပြီး နံနက်စာအတွက်တော့ ဒီဆိုင်လေးကို ညွှန်းချင်ပါတယ်။

Shop Info

Location

Ah Wai Yar Street
12, Bauk Htaw,Yankin.

TEL/Email

Phone :09 40445 5234

Email : No Email

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

Should Not Eat for Your Health

j5

Should Not Eat for Your Health

သင့်ကျန်းမာရေးအတွက် မစားသင့်တဲ့အစားအစာများ

အစားအစာကို အချိန်ပေးပြီးမစားနိုင်လို့ ဖြစ်သလိုစားလိုက်ရတဲ့အခါတွေကို လူတိုင်းကြုံဖူးကြပါလိမ့်မယ်။ အလွယ်စားသုံးနိုင်မယ့် ခေါက်ဆွဲခြောက်ထုပ်တွေ၊ အသင့်စားအစားအသောက်တွေကို လွယ်လင့်တကူစားမိတာမျိုးလည်းကြုံဖူးကြမှာပါ။

ဒါပေမယ့် အချို့အစားအသောက်တွေက မိတ်ဆွေတို့ရဲ့ ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်တယ်ဆိုတာကိုသတိပြုမိဖို့လိုပါတယ်။ ဒီတစ်ခေါက်မှာ ဘယ်လိုအစားအသောက်တွေက အမြဲတစေမစားသင့်ဘူး၊ ကျန်းမာရေးအတွက်မသင့်တော်ဘူးဆိုတာတွေကို ဖော်ပြပေးသွားပါမယ်။

Sugar Sweetened Beverages Soft Drinks

ခွန်အားဖြည့်အချိုရည်နဲ့ အချိုရည်ဘူးတွေပါ။ အလွယ်တကူသောက်သုံးနိုင်တဲ့အချိုရည်ဘူးတွေမှာ သကြား၊ အရောင်အနံ့စတဲ့အရာတွေကို
အဆပေါင်းများစွာ ထည့်သွင်းထားတာကြောင့် ခန္ဓာကိုယ်ဖွဲ့စည်းပုံပျက်စေသလို ကိုယ်အလေးချိန်လည်းတက်စေပါတယ်။ ရောဂါဖြစ်ပွားမှုနှုန်းကို စောလျင်စွာ ဖြစ်ပေါ်စေရန် တွန်းအားပေးနိုင်ခြင်း စတဲ့ အချက်တွေကြောင့် ဒီလို အချိုရည်တွေကို ရှောင်ကြဉ်ကြဖို့ တိုက်တွန်းထားပါတယ်။ လတ်ဆတ်သော အသီး ဖျော်ရည်များ (သို့မဟုတ်) သန့်စင်သော ရေတခွက်နဲ့သာ အစားထိုး အသုံးပြုသင့်ကြောင်း အကြံပြုထားပါတယ်။

Refined Gains

ပြန်လည်ပြုပြင်ထားသော ကောက်ပဲသီးနှံထွက်ကုန်များဆိုတာကတော့ စူပါမတ်ကက်ကြီးတွေမှာ ရောင်းချသော အလွယ်တကူ ဝယ်လို့ရနေတဲ့ Pasta တွေ၊ Macaroni တွေလိုမျိုး ready to use စတဲ့ အစာတွေမှာ ကာဗိုဟိုက်ဒရိတ် ဓာတ်တွေ မြင့်မားစွာ ပါဝင်နေတာကို တွေ့ရပြီး ပြန်လည်ပြုပြင်ခြင်း ခံရတဲ့ အတွက်ကြောင့် နှံစားသီးနှံတွေမှာ ပါတဲ့ဗီတာမင်၊ အမျှင်ဓာတ်နဲ့ တခြား ဓာတ်တွေကို ဆုံးရှူံး သွားစေပါတယ်။

Seitan

အသားပုံစံအတုကို တုပပြီး ထုတ်လုပ်ထားတဲ့ဒီအစားအသောက်တွေမှာ ပဲ၊ ဂျုံ စတဲ့အရာတွေကို အဓိကအခြေခံပြီးထုတ်လုပ်ထားတာမဟုတ်ပဲ Wheat gluten ကိုသာ အသုံးပြုထားတာကြောင့် ပရိုတင်း ဖြစ်ပေါ်မှုကို ကြီးမားစွာ အပာန့်အတား ဖြစ်စေတယ် တချို့ကတော့ အသားစားရင် ခန္ဓာကိုယ် အလေးချိန် တိုးမှာစိုးရွံ့ပြီး ဒီအစားအစာမျိုးတွေကို ရွေးချယ်လေ့ရှိကြတယ်။ ကျန်းမာရေးလိုက်စားတဲ့သူတစ်ယောက်ဆိုရင်တော့ အသားတု၊ အကင်အသားလုံးတွေကို အမြဲမစားသင့်ပါဘူး။

Rice Cakes

ဆန် သို့မဟုတ် ကောက်ညှင်းခွက်ကြော်လိုအရာတွေကို ထုတ်လုပ်ရောင်းချသူများက အဆီချ အစားအစာ (Diet Foods) လို အညွှန်းမှာ ဖော်ပြ ရောင်းချကြပေမယ့် တကယ်တော့ ကာဗိုဟိုက်ဒရိတ်ဓာတ်ကို ပိုမိုတိုးပွား စေတယ်လို့ သုံးသပ်ထားပါတယ်။ ဒီအစာကို စားသုံးခြင်းဖြင့် သင့်ရဲ့သွေးမှာ အချိုဓာတ်ဖြစ်ပေါ်မှုကို တွန်းအားပေးတဲ့အတွက် ကျန်းမာရေးနဲ့ မသင့်တော်သလို အဆီလျှော့ချမှုကို မပံ့ပိုးပေးနိုင်ပါဘူး။ ကျန်းမာရေးအတွက် မစားသင့်တဲ့အစားထဲမှာပါဝင်ပါတယ်။

Htun Buffet Naypyitaw

IMG_20180925_124207

Htun Buffet Naypyitaw

နေပြည်တော်ရောက်ရင် ဒီဆိုင်မှာအမြဲစားဖြစ်တယ်

ဒီတစ်ခေါက် ရန်ကုန်ကဆိုင်တွေအကြောင်းရေးတာ ခဏနားပြီး နေပြည်တော်မှာရှိတဲ့ မြန်မာဘူဖေးထမင်းဆိုင်တစ်ဆိုင်အကြောင်း ရေးချင်ပါတယ်။ စားခဲ့ဘူးတဲ့အဝစားဘူဖေးဆိုင်တွေထဲမှာ တော်တော်လေး သဘောကျမိတဲ့ဆိုင်လို့ ဆိုရမှာပါ။ နေပြည်တော်ရောက်တိုင်းလည်း သွားစားဖြစ်တဲ့ဆိုင်ပေါ့။

အဝစား တစ်ယောက်ကို ၄၅၀၀ ကျပ်ဖြစ်ပြီး အသားဟင်း၊ အရံဟင်းတွေအပါအဝင်ဆို ဟင်းအမျိုးပေါင်း ၂၀ လောက်ထိပါတဲ့ ဘူဖေးပါ။ အရွက်ကြော်၊ အသားကြော်၊ ဆီပြန်ဟင်း၊ အရည်သောက်စုံစုံလင်လင်နဲ့ ဘာဟင်းစားလို့ စားရမှန်းမသိအောင်ကို ဖြစ်ရပါတယ်။

ပြောစရာတစ်ခုရှိတာဆိုလို့ တချို့ဟင်းပွဲတွေမှာ ဆီများတာကိုတော့ သိပ်သဘောမကျပါဘူး။ ဥပမာ ပြောင်းဖူးကြော်လိုမျိုးမှာ စားရတာအရသာရှိပေမယ့် ဆီများတာကို ကျွန်တော့်တစ်ဦးထဲအမြင်အရ သဘောမကျပါဘူး။

အဖွဲ့လိုက်သွားစားမယ့်သူတွေအတွက်အဆင်ပြေအောင်လည်း ပွဲတော်စာအထူးဒေါင်းလန်းကြီး စားနိုင်တယ်လို့လည်း သိရပါတယ်။ မိတ်ဆွေတို့ နေပြည်တော်လမ်းကြုံရင် ဝင်စားဖို့အတွက် ထမင်းဆိုင်ကောင်းကောင်းလေးကို လမ်းညွှန်ပေးလိုက်ပါတယ်။

Shop Info

Location

No. 570 Yarzahtarni Road , Paunglaung3, Naypyitaw.

TEL/Email

Phone : 09894500600

Email : No Email

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

WABI SABI Japanese food

DSC02298

WABI SABI Japanese food

အစားသောက်ကောင်းကောင်းလေးတွေနဲ့ဂျပန်ဆိုင်လေး

ဒီတစ်ပတ်မှာ ဂျပန်စာကြိုက်တဲ့မိတ်ဆွေတွေအတွက် ဂျပန်စားသောက်ဆိုင်လေးတစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သွားလာရလွယ်ကူပြီး ရှန်ဂရီလာဟိုတယ်နောက်က အထက်(၃၂) လမ်းမှာရှိတဲ့ WABI SABI ဆိုတဲ့ ဂျပန်ဆိုင်လေးပါ။

အရသာထူးထူးလေးနဲ့ စားလို့အရမ်းကောင်းတဲ့ အမဲသားနဲ့ ဝက်သားကိုရောထားတဲ့အသားပေါင်း Hmburg အကြောင်းစပြောချင်ပါတယ်။ ထောပတ်၊ နို့စိမ်း၊ အသီးအရွက်နဲ့ ကြက်ဥပေါင်းကိုရောနှောထားတဲ့အတွက် အရသာချိုဆိမ့်လေးနဲ့ စားလို့အရမ်းကောင်းပါတယ်။ အရသာအသစ်အဆန်းကိုမှ စားချင်တယ်ဆိုရင်တော့ သွားစားကြည့်သင့်ပါတယ်။

ပူပူစပ်စပ်အရသာကြိုက်တဲ့သူတွေအတွက်ကတော့ Spicy Ramen လို့ခေါ်တဲ့ ဝက်သားပြားခေါက်ဆွဲပါ။ မျှစ်၊ ထိုင်ဝမ်မှုံညှင်းရွက်၊ ကြက်ဥပြုတ်၊ ရေညှိုနဲ့ ကြက်သွန်မြိတ်တို့ပါပြီး ပူနေတုန်းစားပါ။ အစပ်အလျှော့အတင်းကတော့ ဆိုင်ကို မိမိစိတ်ကြိုက်လုပ်ခိုင်းလို့ရပါတယ်။

နောက်ထပ် မိတ်ဆက်ပေးချင်တာက Chicken Nanban ဆိုတဲ့ ကြက်သားနဲ့လုပ်ထားတဲ့ ဟင်းပွဲနဲ့ Gyoza ဖက်ထုပ်ကြော်ပါ။ စားနေကျအစားအစာတွေလိုမဟုတ်ပဲ ထူးထူးခြားခြား ခံစားမှုမျိုးကို ရနိုင်ပါတယ်။

ဆိုင်ရဲ့ အပြင်အဆင်နဲ့ ဖွဲ့စည်းပုံလေးက ချစ်ဖို့ကောင်းပါတယ်။ အပေါ်ထပ်၊ အောက်ထပ်နှစ်ထပ်ရှိပြီး အပေါ်မှာ သီးသန့်အခန်းတစ်ခုလည်းရှိပါတယ်။ သီးသန့်အခန်းအတွက် အခကြေးငွေ ထပ်ပေးစရာမလိုပဲ ဦးရာလူစနစ်နဲ့ အေးဆေးထိုင်ပြီး စကားပြောလို့ရပါတယ်။

သူငယ်ချင်းတွေနဲ့စုပြီး နည်းနည်းပါးပါးသောက်မယ်ဆိုလည်း ဘီယာလည်းရပါတယ်။ အေးဆေးစကားပြာချင်တယ် ဆိုရင်တော့ လုံးဝအငြိမ်ဖြစ်မယ့် နေရာလေးလို့ ညွှန်းချင်ပါတယ်။

Shop Info

Location

No. 225, 32nd Street (Upper Block), Pabedan Township,
Yangon

TEL/Email

Phone : 09 262 284 827

Email : contacts@company.com

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

Kho Taung Moht Di

frame

Kho Taung Moht Di

တီကောင်များနှင့်တူအောင်ဖန်တီးခဲ့သည့် မြန်မာ့အစားအစာ

မြန်မာ့အစားအစာတွေရဲ့ ထူးထူးခြားခြားရာဇဝင်တွေကို ရှာဖတ်ကြည့်မိတုန်း စိတ်ဝင်စားစရာအစားအသောက်တစ်ခုအကြောင်းတွေ့လို့ ပြန်လည်မျှဝေပေးချင်ပါတယ်။ ဒီအကြောင်းအရာက ဒေသခံတွေရဲ့ အစဉ်အဆက် ပါးစပ်ရာဇဝင်တစ်ခုအနေနဲ့ပဲမှတ်ယူရတာဖြစ်ပြီး တကယ်ဟုတ်သည် မဟုတ်သည်ကိုတော့ ယနေ့ထိတိုင် မည်သူမှမသိရှိကြသေးပါဘူး။

ခိုတောင်မုန့်တီ

တီကောင်တွေနဲ့တူအောင်ဖန်တီးခဲ့တဲ့ မြန်မာ့အစားအစာကတော့ ခိုတောင်မုန့်တီပါ။ မင်းတုန်းမင်းရဲ့ တောင်ညာစံမိဖုရားခေါင်ကြီး စကြာဒေဝီ နာမကျန်းဖြစ်ပြီး ခံတွင်းပျက်တဲ့အခါမှာ သမားတော်တွေက ဓာတ်စာအဖြစ်နဲ့ တီနဲ့တူသောအစားအစာကို စားမှ အသက်ရှည်ကျန်းမာမယ်လို့ဆိုတဲ့အတွက် စတင်ဖြစ်ပေါ်လာတယ်လို့ ရာဇဝင်ရှိခဲ့ပါတယ်။ ထိုအခါမှာ မန္တလေးမြို့ ဧရာဝတီမြစ်တစ်ဖက်ကမ်း စစ်ကိုင်း-မင်းကွန်းကားလမ်းပေါ်က ခိုတောင်ရွာကလာတဲ့မင်းမှုထမ်းတွေက မိဖုရားကြီးအတွက် တီနှင့်တူသောမုန့်တစ်ခုကို ပြုလုပ်ဖန်တီးရာမှ နောင်အခါမှာ ခိုတောင်မုန့်တီဟူ၍ ဖြစ်ပေါ်ခဲ့ပါတယ်။

တောရွာဓလေ့ အရွက်သုပ်တဲ့နည်းတွေကို အခြေခံပြီးပြုလုပ်ထားတဲ့ ခိုတောင်မုန့်တီကိုဆက်သခဲ့တဲ့အခါမှာတော့ မိဖုရားကြီး ခံတွင်းလိုက်လာပြီး ကျန်းမာလာခဲ့ပါတယ်။ အခြားအစားအသောက်များပါ စားသောက်ချင်စိတ် ဖြစ်ပေါ်လာသည့်အတွက် လူမမာစာ သာမက အမြဲတမ်းစားသောက်ဖွယ်အဖြစ် ပြုလုပ်ရောင်းချခိုင်းရာမှ ခိုတောင်မုန့်တီကို လူကြိုက်များလာခဲ့ပါတယ်။

ရှေးယခင်က ခိုတောင်ရွာက အမျိုးသမီးအများစုဟာ ခိုတောင်ရွာမှ လှေကလေးများ၊ မော်တော်များဖြင့် ဧရာဝတီမြစ် ကိုဖြတ်ကာ မန္တလေးမြို့သို့ ကူးလာကာ မုန့်တီရောင်းကြပြီး ယနေ့ခေတ်မှာတော့ စစ်ကိုင်းဘက်မှ လိုင်းကားများနဲ့ မန္တလေးကို လာရောက်ပြီး ရောင်းချကြပါတယ်။ခိုတောင်မုန့်တီပြုလုပ်သည့် နည်းပညာတွင် ဟင်းချိုချက်သည့် နည်းစနစ်၊ ဆီချက်နည်းစနစ်၊ အဆာပလာ ထည့်တဲ့နည်းစနစ်များက အားသာပြီး မည်သည့်နယ်တွင်ပင် ရောင်းချစေကာမူ ခိုတောင်မုန့်တီနည်းစနစ်အတိုင်း ပြုလုပ်ကာ ခိုတောင်မုန့်တီအဖြစ်သာ ရောင်းချပြီး လက်ရှိကာလ မင်းကွန်းဒေသသို့ သွားရောက်သူအများစုမှာ အရသာထူးကဲသည့် ခိုတောင်မုန့်တီကို အားထား စားသောက်လေ့ရှိပါတယ်။

ခိုတောင်မုန့်တီသည် မန္တလေးမုန့်တီကဲ့သို့ မုန့်ဖတ်ကမကြီး၊ အသားဟင်းအနှစ်များ မပါပေ။ ကြက်သွန်ဖြူနီ ဆီချက်၊ အရောင်တင်ဆီချက်၊ နနွင်းဆီချက်၊ ပဲသီး၊ မုန်လာထုပ် (ဂေါ်ဖီထုပ်)တို့ဖြင့် ရိုးရှင်းစွာသုပ်ထားခြင်းဖြစ်သည်။ ဟင်းချိုရည်မှာ ပိတ်ဆွယ်၊ တရုတ်နံနံ၊ ဗမာနံနံ၊ ငါးခေါင်း၊ ချင်း၊ ကြက်သွန်ဖြူတို့ ထည့်ကာ ချက်လေ့ရှိပါတယ်။ခိုတောင်မုန့်တီသည်များကို ဆီချက်ထည့်ရာတွင် ဒန်အိုးများကို အသုံးမပြုဘဲ ဒေသထွက် စဉ့်ထည်အိုးသေးလေးများ၊ စဉ့်အင်တုံများဖြင့် ထည့်ထားတတ်ကြသည်။ ဟင်းချိုရည်အိုးကိုလည်း ဒန်အိုးကို အသုံးမပြုဘဲ လက်ဖြစ်မြေအိုးများဖြင့် ထည့်ထားကြပြီး ဟင်းချို တစ်နေကုန်နွေးနေစေရန် အိုးကို ဖျင်ကြမ်းထည်သန့်သန့်ဖြင့် ပတ်ထားတတ်ကြတယ်။

ယခင်က ခိုတောင်မုန့်တီသည်များသည် ကိုယ်ရောင်းမည့် မုန့်တီဖတ်ကို ကိုယ်တိုင်ညှစ်ကြရပါတယ်။ နံနက်စောစော အိပ်ရာထကာ မုန့်တီဖတ်ညှစ်ပြီး မန္တလေးမြို့ပေါ်သို့ ခိုတောင်မြစ်ဆိပ်မှတဆင့် ခိုတောင်ငှက်လှေများဖြင့် ကူးကြရတယ်။ ဂေါဝိန်ဆိပ်မှတဆင့် ဆေးလိပ်ခုံ၊ ဖိနပ်ရုံ၊ ဈေးချိုတော်၊ တရုတ်တန်းဈေး အစရှိသည့်နေရာများဆီသို့ သွားရောက် ရောင်းချလေ့ရှိကြပါတယ်။မြန်မာ့ယဉ်ကျေးမှု အငွေ့အသက်အပြည့်နဲ့ ချစ်စရာမြန်မာ့ရိုးရာအစားအသောက်တွေကို တန်ဖိုးထား မြတ်နိုးပြီး နှစ်ခြိုက်စွာစားသုံးစေချင်ပါတယ်။
 

Century Egg Salad

frame

Century Egg Salad

လွယ်ကူရိုးရှင်းသော ဆေးဘဲဥသုပ်

မိတ်ဆွေ သင်ဆေးဘဲဥကြိုက်တဲ့သူတစ်ယောက်လား။ ဒါဆိုရင်တော့ ဆေးဘဲဥသုပ်တဲ့နည်းအကြောင်းကို မျှဝေပေးပါမယ်။ အိမ်မှာပဲအရသာရှိရှိသုံးဆောင်နိုင်မယ့် လွယ်ကူရိုးရှင်းသော ဆေးဘဲဥသုပ်နည်းလေးပါ။

ပါဝင်သောပစ္စည်းများ

● ဆေးဘဲဥ
● ခရမ်းချဉ်သီး (ကြိုက်တတ်သူများအတွက်)
● ငရုတ်သီးစိမ်းပါးပါးလှီး
● မြေပဲ
●ကြက်သွန်နီ (အစိမ်း/ဆီကျက်)
● ဆား
● ငံပြာရည်
● သံပုရာရည်

ဆေးဘဲဥသုပ်ပြုလုပ်နည်း

အပေါ်ကရေးထားတဲ့ပစ္စည်းတွေအားလုံးထည့်ပြီး နှယ်လိုက်ပါ။
လွယ်ကူရိုးရှင်းသော ဆေးဘဲဥသုပ်ကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

Ma Wha Toke Pork

frame

Ma Wha Toke Pork

၀က်သားစားမယ်ဆို ဝက်စပယ်ရှယ်လစ်ရှိတယ်

ဒီတစ်ခေါက် ဝက်သားကြိုက်တဲ့ အစားတစ်လိုင်းတွေအတွက် ဝက်စပယ်ရှယ်လစ်ဆိုင်တစ်ဆိုင်အကြောင်းရေးပေးပါမယ်။ လူသိများပြီးသားဖြစ်ပေမယ့် မသိသေးတဲ့သူတွေအတွက် ပြန်လည်မျှဝေပေးချင်လို့ မဝတုတ်ဆိုင်ကိုအရောက်သွားဖြစ်ခဲ့တယ်။

ဝက်တစ်ကောင်လုံး ခေါင်းအစခြေအဆုံး အရသာအမျိုးမျိုး၊ ပုံစံအမျိုးမျိုးစားနိုင်မယ့်ဝက်သားသီးသန့်ရောင်းတဲ့ဆိုင်ပါ။ ဒီတစ်ခေါက်စားဖြစ်ခဲ့တာတွေကို ပြန်ဖောက်သည်ချပေးရမယ်ဆိုရင်တော့

ဝက်အူစုံချဉ်စပ်

ဝက်အူစုံကို ချဉ်စပ်ဟင်းရည် စပ်စပ်လေးနဲ့စားလို့ကောင်းပြီး ဒီဆိုင်ရဲ့ လူကြိုက်အများဆုံးဟင်းပွဲတစ်ခုလည်းဖြစ်ပါတယ်။ အထဲမှာပါတဲ့ အဆာစုံလင်ပြီးချဉ်စပ်အရသာကြောင့် မအီပဲသောက်လို့ကောင်းတဲ့ ဟင်းရည်ဟင်းပွဲပါ။ ထမင်းနဲ့စားမယ်ဆိုရင် လိုက်ပြီးမပါမဖြစ်မှာစားသင့်တဲ့အရည်သောက်ဟင်းပွဲပါ။

သုံးထပ်သားကင်သုပ်

ဝက်သုံးထပ်သားကင်သုပ်ကတော့ အချဉ်ရည်နဲ့သုပ်တဲ့ ဝက်ခေါင်းသုပ်လိုအရသာပါပဲ။ အသားများပြီး စားလို့ကောင်းတဲ့ မဝတုတ်ရဲ့လက်ရာတစ်ခုပဲဖြစ်ပါတယ်။ မြန်မာပါးစပ်နဲ့မစိမ်းတဲ့မြန်မာ့နည်း မြန်မာ့ဟန် ဝက်သားသုတ်အရသာလို့ဆိုလည်း မမှားပါဘူး။

သုံးထပ်သားကင် (အချိုရည်ဆမ်း)

သုံးထပ်သားကင် (အချိုရည်ဆမ်း) က ထမင်းပေါင်းဆိုင်တွေမှာစားနေကျလို အချိုရည်နဲ့အစပ်မစားနိုင်တဲ့သူတွေအတွက် အဆင်ပြေစေပါမယ်။ သူ့မှာတော့ ထူးထူးခြားခြားအရသာရယ်လို့သိပ်မရှိပေမယ့် အသားအရသာကောင်းလို့ စားလို့မဆိုးတဲ့ဟင်းပွဲလို့ မြင်မိပါတယ်။

ဆိုင်က လူသိများပြီး နေ့လည်ထမင်းစားချိန်မှာဆို လူအရမ်းကျတာကြောင့် မှာပြီးရင်တော့ စိတ်ရှည်ရှည်နဲ့စောင့်ရပါလိမ့်မယ်။ တကယ်လို့ စားချင်တာရှိရင်တော့ 09 254 066 303 ကိုဖုန်းဆက်ပြီး အော်ဒါတင်လို့ ရတယ်လို့သိရပါတယ်။

ဝက်သားကိုမှ စုံစုံလင်လင်နဲ့ အရသာထူးထူး ရွေးချယ်စရာများများစားမယ်ဆိုရင်တော့ မဝတုတ်ဆိုင်ကို အရောက်သွားသင့်ပါတယ်။

Shop Info

Location

No.60, Pagoda Street,5 quarter, Kamayut Township, Yangon.

TEL/Email

Phone : 09 254 066 303

Email : contacts@company.com

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00