Korea Gimbap

83316146_2490601471191743_7823305894854131712_o

Korea Gimbap

ကိုရီးယားရေညှိုထမင်းလိပ်

Foodie တွေအားလုံးနဲ့ ရင်းနှီးပြီးသားလည်းဖြစ်တဲ့ စားလို့လည်းအရသာအရမ်းရှိတဲ့Gimbap ကိုရီးယားထမင်းလိပ်ပြုလုပ်နည်းအကြောင်းကို ဒီတစ်ခေါက်ရေးချင်ပါတယ်။ လုပ်ရတာလွယ်ကူပြီးပါဝင်တဲ့ပစ္စည်းတွေလည်းအရမ်းမများတာကြောင့် ကိုယ်တိုင်ကြိုးစားလုပ်ကြည့်ရအောင် …

ထမင်းလိပ်ဆိုဒ်အသေး ၁၅ ခုစာ

● ရှမ်းဆန် (နို့ဆီဘူးတစ်ခွက်ခွဲစာ)
● ဆား (လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ)
● မုန့်လာဥနီ (အရွယ်တော်တစ်လုံး)
● ဟင်းနုနွယ်ရွက် (တစ်စီး)
● ရေညှိရွက် (၄ရွက်)
● ဂဏန်းချောင်း (နှစ်သက်သလောက်)
● နှမ်းဆီ (လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာ)

ရှမ်းဆန်ကို ထမင်းချက်သကဲ့သို့ အရင်ချက်ပေးရပါမယ်။ ဟင်းနုရွယ်ရွက်ကို ရေနွေးပူပူထဲထည့်ပြီးခဏပြုတ်ပေးရပါမယ်။ ပြီးရင် နှမ်းဆီ၊ ဆားအနည်းငယ်ထည့်ကာ နှယ်ဖတ်ပေးရပါမယ်။ ဂဏန်းချောင်းကို
အဆင်ပြေမယ့်အရွယ်အစားဖြစ်အောင် လှီးဖြတ်ပြီး ကြော်ထားပေးရပါမယ်။ မုန်လာဥနီကို အလိပ်ပြုလုပ်လို့ကောင်းမယ့် အရွယ်အနေထားထိ ပါးပါးလှီးပြီး ဆီနည်းနည်းနဲ့ ကြော်ပေးရပါမယ်။ ကြော်နေတဲ့အချိန်မှာ ဆားဖြူးပေးရပါမယ်။

ချက်ထားတဲ့ ရှမ်းဆန်ကို ဆားအနည်းငယ်ဖြူးကာ နှမ်းဆီအနည်းငယ်နဲ့ နှယ်ပေးရပါမယ်။ ပြီးရင် ထမင်းလိပ်ဖို့အတွက် ရေညှိအချပ်ကို အဆင်ပြေနိုင်မယ့် အရွယ်အစားရအောင် ဖြတ်တောက်ပေးပါ။ ထမင်းလိပ်ဖို့ အဆာတွေအသင့်ဖြစ်ပြီဆိုရင် ရေညှိချပ်ပေါ်ကို ပါးပါးထည့်ပြီး လိပ်နိုင်ပြီဖြစ်ပါတယ်။ တစ်ခုသတိထားရမှာက အဆာထည့်တာများသွားရင်တော့ လိပ်တဲ့အခါမှာ အဆင်မပြေလို့ အဆာကို လိပ်လို့ရမယ့် အနေအထားလောက်သာထည့်သင့်ပါတယ်။ လိပ်ပြီးတဲ့ထမင်းလိပ်ပေါ်ကို နှမ်းဆီပါးပါးလေးသုတ်လိုက်ရင် အရသာရှိတဲ့ ကိုရီးယားစတိုင်ရေညှိထမင်းလိပ်ကို ရရှိပါပြီ။

အိမ်မှာ ကိုယ်တိုင်ကိုယ်ကျစီမံပြီး အစားအသောက်ပြုလုပ်ရတာကပျော်ဖို့ကောင်းတဲ့ အလေ့အထတစ်ခုပါပဲ။

Magyi Htaung

magyi copy

Magyi Htaung

မန်ကျည်းရွက်ထောင်း

အခုချိန် မန်ကျည်းရွက်နုနုလေးတွေ ပေါတဲ့ရာသီမှာ မန်ကျည်းရွက်နုထောင်းလေး လုပ်စားကြရအောင်။

ပါဝင်ပစ္စည်း


မန်ကျည်းရွက်နုနု – ၁ စည်း
ကြက်သွန်ဖြူ – ၃ မွှာ
ကြက်သွန်နီ – ၁ ဥ
ငရုတ်သီးစိမ်း – ၅ တောင့်
ဆား – အနည်းငယ်
ဟင်းခတ်မှုန့် – အနည်းငယ်
မြေပဲဆီ – အနည်းငယ်

ပြုလုပ်နည်း

မန်ကျည်းရွက်နုနုလေးတွေကို ရေဆေးပြီး အရွက်ခြွေပါ။ငရုတ်ဆုံထဲမှာ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်နီကို ပါးပါးလှီးပြီး ထည့်ထောင်းပါ။မညက်တညက် အနေအထားမှာ ဆား၊ဟင်းခတ်မှုန့်နဲ့ မန်ကျည်းရွက်ထည့်ထောင်းပါ။ ညက်ရင် မြေပဲဆီလေးဆမ်းပြီး စားနိုင်ပါပြီ။

ချဉ်ချဉ်ဖန်ဖန်လေး အရသာထူးတဲ့ မန်ကျည်းရွက်ထောင်းလေး လုပ်စားကြည့်ကြနော်။

Foods That Make Diarrhea Worse

5ea1527b7e04d

Foods That Make Diarrhea Worse

၀မ်းပျက် ဝမ်းလျှောဖြစ်စေနိုင်သည့် အစားအသောက်များ

ဝမ်းပျက်ဝမ်းလျှောခြင်းက နည်းလမ်းအမျိုးမျိုးနဲ့ဖြစ်တတ်ပါတယ်။ အစားအသောက်ကြောင့်လည်းဝမ်းပျက်ဝမ်းလျှောခြင်းဖြစ်တတ်ပါတယ်။ အစားအစာအများစုဟာ သဘာအတိုင်းမဟုတ်တော့ပဲပြုပြင်ဖန်တီးထားတာတွေများတာကြောင့် စားမိသူရဲ့ အစာအိမ်နဲ့အူလမ်းကြောင်းကို ဒုက္ခပေးပြီးဝမ်းပျက်ဝမ်းလျှောခြင်းကိုဖြစ်စေပါတယ်။ တကယ်တော့ ဝမ်းပျက်ဝမ်းလျှောခြင်းက အူလမ်းကြောင်းနဲ့အစာအိမ်ပြသနာပဲဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာ ဘယ်အစားအသောက်တွေက ဝမ်းပျက်ဝမ်းလျှောဖြစ်စေတတ်လဲဆိုတာကိုရေးသားဖော်ပြပေးသွားပါမယ်။ ရာသီဥတုအကူးအပြောင်းကာလမှာ ဝမ်းပျက်ဝမ်းလျှောက အထူးသတိထားရမယ့်ကျန်းမာရေး ပြသနာတစ်ခုဖြစ်ပါတယ်။

နို့ နှင့် နို့ထွက်ပစ္စည်းများ

နို့ နဲ့ နို့ထွက်ပစ္စည်းတွေစားတာက ဝမ်းပျက်စေနိုင်တဲ့အကြောင်းရင်းတစ်ခုပါ။ မလတ်ဆတ်တော့တဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကြောင့်လည်း ဝမ်းပျက်ဝမ်းလျှောဖြစ်စေနိုင်ပါတယ်။ ဝယ်ယူတော့မယ်ဆိုရင် ရက်လွန်ဟုတ်မဟုတ်ကို သေချာစစ်ဆေးဖို့လိုပါတယ်။

ကော်ဖီ

ကဖိန်းဓာတ်က ကော်ဖီရဲ့ အဓိကပါဝင်ဓာတ်ဖြစ်ပြီး အာရုံကိုနိုးကြားစေသလို အစာအိမ်နဲ့အူလမ်းကြောင်းကိုလှုံ့ဆော်ပေးနိုင်ပါတယ်။ ဆေးသကြားနဲ့ နို့ထွက်ပစ္စည်းပါဝင်တဲ့အခါမှာ တခါတရံဝမ်းပျက်တတ်ပါတယ်။ ကော်ဖီနဲ့
တွဲပြီးသောက်သုံးတဲ့အခါမှာလည်း လတ်ဆတ်တဲ့ နို့ထွက်ပစ္စည်းဖြစ်ဖို့ အရေးကြီးပါတယ်။

သရေစာများ

သရေစာအများစုမှာ အစာအလွယ်တကူမချေဖျက်နိုင်တဲ့ ပြည့်ဝဆီအများစုပါဝင်ပါတယ်။ အာဟာရဓာတ်လည်းနည်းပါးပြီးအစာအိမ်နဲ့ အူလမ်းကြောင်းကို ပြသနာဖြစ်စေနိုင်ပါတယ်။ နောက်ထပ်တစ်ခုက အခါခါကြော်ထားတဲ့ စားစရာတွေနဲ့ လမ်းဘေးမှာအလွယ်တကူရောင်းချနေတဲ့အစားအသောက်တွေကိုလည်း တတ်နိုင်သမျှ ရှောင်ရပါမယ်။ အကြော်စုံမှာပါတဲ့ အချဉ်ကြောင့်လည်းဝမ်းပျက် ဝမ်းလျှောခြင်းကို အလွယ်တကူြုဖစ်စေတတ်ပါတယ်။

အပူအစပ်အစားအစာများ

အစပ်ဓာတ်က လူတစ်ယောက်အတွက်တော့ လိုအပ်တဲ့အရာတစ်ခုပါ။ ဒါပေမယ့် လိုအပ်တာထက်တော့ ပိုလို့မရပါဘူး။အခုလိုရာသီဥတု အပူချိန်မြင့်တက်လာချိန်မှာ အပူအစပ်အစားအစာတွေကို ချင့်ချိန်စားသုံးသင့်ပါတယ်။ အပူအစပ်ကိုလွန်ကဲစွာစားခြင်းက အစာအိမ်နံရံကို ထိစေပြီးတော့ ဝမ်းပျက်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ ငရုတ်သီးနဲ့ ငရုတ်ဆီစားခြင်းကိုလည်းတတ်နိုင်သမျှ လျှော့ချဖို့လိုပါတယ်။

အခုဖော်ပြပေးတဲ့အစားအစာတွေက ဝမ်းပျက်ဝမ်းလျှောခြင်းကိုဖြစ်စေတတ်တဲ့ အစားအသောက်တွေထဲက တချို့သာဖြစ်ပါတယ်။လုံးဝမစားပဲနေရမယ်ဆိုတာမျိုးမဟုတ်ပဲ ချင့်ချိန်စားသုံးသင့်ကြောင်းကို တိုက်တွန်းလိုခြင်းဖြစ်ပါတယ်။ ကျန်းမာရေးက လူတစ်ယောက်အတွက်လွန်စွာအရေးကြီးတဲ့အရာတစ်ခုပါ။

Namphit Htaung

nam phit

Namphit Htaung

နန့်ဖစ်ထောင်း

ရှမ်းရိုးရာ အစားအစာ တစ်ခုဖြစ်တဲ့ နမ့်ဖစ်ထောင်းနည်းလေး ဖော်ပြပေးပါမယ်

ပါဝင်ပစ္စည်း


ရှမ်းပဲပုတ် – ၁ ချပ်
ခရမ်းချဉ်သီး – ၃ လုံး
ငရုတ်သီးစိမ်း – ၆ တောင့်
ကြက်သွန်နီ – ၁ ဥ
ရှမ်းနံနံ – အနည်းငယ်
နံနံပင် – အနည်းငယ်
ဆား – အနည်းငယ်

ပြုလုပ်နည်း


ခရမ်းချဉ်သီးတွေကို ရေစင်အောင်ဆေးပြီး မီးဖုတ်ပါမယ်။အလွယ်တကူ မီးဖုတ်လို့မရရင် ပြုတ်လို့ရပါတယ် ။မီးဖုတ်ရင်တော့ အနံ့အရသာပိုမွှေးပါတယ်။ခရမ်းချဉ်သီးအစား ပင်စိမ်းသီးကို ပြုတ်ပြီးလည်း ထည့်လို့ရပါသေးတယ်။ပြီးရင် ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်းတွေကိုလည်း မီးဖုတ်ပါမယ်။မတူးအောင် ဂရုစိုက်ပါ။ပဲပုတ်ကိုတော့ မွှေးလာရုံ မီးအနည်းငယ်ပြပြီး အမှုန့်ထောင်းထားပါမယ်။
မီးကင်ထားတဲ့ ခရမ်းချဉ်သီးတွေရပြီဆိုရင် ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ရှမ်းနံနံတို့နဲ့ ရောထောင်းပါမယ်။အရသာအတွက် ဆားနဲ့ ဟင်းခတ်မှုန့် အနည်းငယ်ထည့်ပါ။ထောင်းထားတာ ညက်သွားပြီဆိုရင် ပဲပုတ်မှုန့်နဲ့ရောပါမယ်။ မြန်မာနံနံပင်ကိုတော့ ပါးပါးလှီးပြီး ထည့်ပါမယ်။

နမ့်ဖစ်ထောင်းကို အတို့အမြှုပ်မျိုးစုံနဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ်။

Seafood and Health

5e9fcea630e37

Seafood and Health

ပင်လယ်စာစားတော့မယ်ဆို ဒါတွေသိထားဖို့လိုတယ်

ပင်လယ်စာဆိုတာက အမြဲစားနေကျ အစားအသောက်တစ်ခုမဟုတ်ပေမယ့် တော်တော်များများစားကြတဲ့အစားအစာတစ်မျိုးပါ။ ပင်လယ်စာဟာ ကျန်တဲ့အစားအသောက်နဲ့မတူပဲ မတည့်တဲ့သူတွေအတွက်တော့ အတော်လေး အန္တရာယ်များတဲ့ အစားအစာတစ်ခုပါ။ ဒီတစ်ခေါက်တော့ ပင်လယ်စာနဲ့ပတ်သက်ပြီး ဖတ်ဘူးသမျှကိုပြန်လည်မျှဝေပေးချင်ပါတယ်။

ပင်လယ်စာဆိုတဲ့အရာထဲမှာ ဘယ်လိုအရာတွေပါဝင်သလဲဆိုရင် ကဏန်း၊ ပုစွန်၊ ကျောက်ပုစွန်၊ ကကတစ်၊ ငါးပါးနီ၊ဆော်လမွန်ငါး၊ ပင်လယ်ခရု၊ ယောက်သွား၊ ခုံးကောင်၊ ရေဘဝဲ၊ ကင်းမွန် စတဲ့လူသိများတဲ့ အရာတွေအားလုံးပါဝင်ပါတယ်။ ပင်လယ်စာက လူတိုင်းနဲ့ ဓာတ်မတည့်တဲ့ အစားအသောက်တစ်မျိုးပါ။ အချို့ဆို ပင်လယ်စာကြောင့် အစားမတော်တစ်လုပ်ဆိုတဲ့အတိုင်း အသက်ပါသေဆုံးတဲ့အထိဖြစ်နိုင်ပါတယ်။

ပင်လယ်စာနဲ့မတည့်တဲ့အခါ ဘယ်လိုအရာတွေဖြစ်လာတတ်သလဲ

● အင်ပြင်တွေ၊ အနီစက်တွေခန္ဓာကိုယ်မှာထလာခြင်း၊ အသားယားယံခြင်း
● သွေးပေါင်ရုတ်တရက် ထိုးကျလာခြင်း
● မျက်နှာ နီရဲလာခြင်း
● မျက်လုံးနဲ့ နှုတ်ခမ်းများ ရောင်ရမ်းလာခြင်း
● မူးေ၀ အော့အန်ခြင်း
● အဆိုးရွားဆုံးအခြေနေဖြစ်လာမယ်ဆိုရင် သတိလစ်သွားခြင်း စတဲ့
ဓာတ်မတည့်တဲ့ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။

ပင်လယ်စာနဲ့ ဓာတ်မတည့်တဲ့သူဟာ အခုမတည့်ပေမယ့် နောက်စားလို့ရနိုင်တဲ့သဘောမဟုတ်ပါဘူး။ ဓာတ်မတည့်တဲ့ပြသနာကနောက်လည်း ဖြစ်နေဦးမှာပါပဲ။ ဒါကြောင့် ပင်လယ်စာနဲ့ဓာတ်မတည့်ဘူးဆိုရင်တော့ဘယ်တော့မှ မစားသင့်ပါဘူး။

ပင်လယ်စာကို အတော်များများ ဘယ်လိုအချိန်မှာစားဖြစ်လဲဆိုရင် ပင်လယ်ဘက်ကို ခရီးထွက်တဲ့အခါ ရောက်တုန်းရောက်ခိုက် ပင်လယ်စာကို ဦးစားပေးစားဖြစ်ကြပါတယ်။ ဒါမှမဟုတ် အဝစားဘူဖေးဆိုင်တစ်ခုခုမှာ ပင်လယ်စာရတယ်ဆိုရင် အဲဒါကို ဦးစားပေးစားဖြစ်ကြပါတယ်။ ပင်လယ်စာရဲ့ လတ်ဆတ်မှုကလည်း အရေးကြီးပါတယ်။ မလတ်ဘူးဆိုရင်တော့ တော်ယုံအစားမရွေးတည့်တဲ့သူတောင်မှ ပြသနာဖြစ်နိုင်ပါတယ်။ နောက်ထပ်သတိထားစရာတစ်ခုက Omega-3 ငါးကြီးဆီပါဝင်တဲ့ အားဆေးတွေကပင်လယ်စာနဲ့ ဓာတ်မတည့်သူအတွက် အန္တရာယ်ရှိနိုင်ပါတယ်။

Myeik Ngapi Thoke

myeik copy

Myeik Ngapi Thoke

မြိတ်ငပိသုပ်

အိမ်မှာ မြိတ်ငပိသုပ် သုပ်တဲ့နေ့ဟာ ထမင်းမြိန်တဲ့နေ့ပါပဲ။မြိတ်ငပိသုပ်ကို မြိတ်ဘက်က ပိဖျော်လို့ခေါ်ပြီး တွဲဖက်စားသုံးတဲ့ တို့စရာတွေကိုတော့ ပိရှာလို့ခေါ်လေ့ရှိပါတယ်။
မြိတ်ငပိသုပ် သုပ်တဲ့အခါမှာ အချဉ်အဖြစ် ရာသီပေါ်အသီးအနှံတွေကိုလည်း ထည့်သုပ်လေ့ရှိပါတယ်။ဥပမာ မရမ်းသီးပေါ်ချိန်ဆို မရမ်းသီးပါးပါးလှီးပြီး ထည့်သုပ်တာမျိုး။သီဟိုဠ်သီး၊ ရင်ကမ်းသီး၊သစ်တိုသီး စတဲ့ ချဉ်တဲ့အသီးတွေကိုလည်း ထည့်သုပ်တာမျိုးပေါ့။
အခုသုပ်နည်းမှာတော့ အိမ်မှာ အလွယ်တကူ သုပ်စားလို့ရအောင် သံပရာသီးအသုံးပြုထားပါတယ်။တို့စရာကိုတော့ ကိုယ်ကြိုက်နှစ်သက်ရာနဲ့ တို့နိုင်ပါတယ်။

ပါဝင်ပစ္စည်း


မြိတ်ငပိဖုတ် – ၂ ဇွန်း(စားပွဲတင်ဇွန်း)
ကြက်သွန်နီ – ၂ လုံး (အနေတော် )
ငရုတ်သီးစိမ်း – ၁၀ တောင့်
ပုစွန်ခြောက်အကောင် – ၁ ဇွန်း (စားပွဲဇွန်း)
ငရုတ်သီး အကြမ်းဖတ် – ဇွန်းတစ်ဝက် (စားပွဲဇွန်း)
သကြား – ၂ ဇွန်း (လက်ဖက်ရည်ဇွန်း)
သံပရာသီး – ၁ လုံး (အလုံးကြီး)

ပြုလုပ်နည်း

ပုစွန်ခြောက်ကို ငရုတ်ဆုံထဲ ထည့်ပြီး ခပ်ကြမ်းကြမ်းထောင်းထားပါ။ပြီးရင် ငရုတ်သီးအကြမ်းဖတ် ထည့်ထောင်းပါ။ငရုတ်သီးအကြမ်းဖတ်များ အနည်းငယ် ညက်သွားပါက ငရုတ်သီးစိမ်းနှင့် သကြားထည့်ထောင်းပါ။ပြီးရင် ငပိထည့်ထောင်းပါ။

ထောင်းထားသည်များ ရပါက ငပိဖျော်မည့် ပန်းကန်ထဲသို့ ပြောင်းထည့်ပါ။ကြက်သွန်နီကို ပါးပါးလှီးပြီးထည့်ပါ။ပြီးရင် သံပရာရည် ညှစ်ထည့်ပြီး နှံ့စပ်အောင်မွှေပါ။အချဉ်အနည်းငယ် ပေါ့လိုပါက သကြားအနည်းငယ် ထပ်ထည့်နိုင်ပါတယ်။

Thingyan Htamin

frame

Thingyan Htamin

ရေနဲ့စားတဲ့ထမင်း (သို့မဟုတ်) သင်္ကြန်ထမင်း

မြန်မာတိုင်းရင်းသား မွန်လူမျိုးတို့ရဲ့ ရိုးရာအစားအသောက်ဖြစ်တဲ့ မွန်သင်္ကြန်ထမင်းက မြန်မာ့ရိုးရာအစားအစာထဲမှာ အတော်လေး ထူးခြားတယ်လို့ဆိုရမယ်။ နူးညံ့ပျော့ပြောင်းအောင် ချက်ထားတဲ့ ထမင်းကို ရေစိမ်စားရတာက ပုံမှန်အဆီအနှစ်နဲ့ စားနေကျ အစားအစာတွေနဲ့မတူပဲ တမူထူးခြားလှပါတယ်။

ရေစိမ်ထားတဲ့ ထမင်းကို ငါးခြောက်ထောင်းကြော်၊ ငရုတ်သီး အတောင့်ခြောက်ကြော်တို့နဲ့ တွဲဖက်စားသုံးရပါတယ်။ သင်္ကြန်ထမင်း ချက်ပြုတ်ရာမှာ အဓိကလိုအပ်တာကတော့ ဆန်အရည်အသွေးကောင်းဖို့ပါပဲ။ ဆန်ကို စင်းလုံးချောသန့်စင်သွားအောင်ပြုလုပ်ပြီးမှ ပုံမှန်စားနေကျ ထမင်းထက်ပိုပျော့အောင်ချက်ရပါတယ်။ ဒါပေမယ့်လည်း ဆန်ပြုတ်လောက် ပျော့သွားတဲ့အထိလည်း ချက်လို့မရပါဘူး။

သင်္ကြန်ထမင်းရဲ့ အဓိက တွဲစားရတဲ့ ငါးခြောက်ထောင်းကြော်နဲ့ ငရုတ်သီးခြောက်ကြော်ရဲ့အရသာကလည်း လွန်စွာမှ အရေးပါလှပါတယ်။ ငရုတ်သီးခြောက်ကြော်ရဲ့ အစပ်အရသာနဲ့ ငါးခြောက်ထောင်းကြော်ရဲ့အရသာကို တွဲစားရတာက ထူးခြားပါတယ်။ စားရင်းစပ်သွားတယ်ဆိုလည်း ထမင်းထဲက ရေခဲတုံးလေး ကိုက်လိုက်ယုံပဲ။

ဒီလိုရိုးရာအစားအစာမျိုးက အဆီအနှစ်အထူးတည်မပါဝင်တာကြောင့် ကျန်းမာရေးအတွက်လည်း လူတိုင်းစားလို့ရမယ်လို့ ထင်ပါတယ်။

မွန်သင်္ကြန်ထမင်း ချက်ပြုတ်ရာတွင် အဓိကလိုအပ်သည်မှာ ဆန်ကောင်းရန် ဖြစ်သည်။ ဆန်ကို မချက်ပြုတ်မီ ဆန်၌ပါဝင်နေသော ခဲသဲဖုန်များကို သန့်စင်သွားအောင် ရွေးချယ်ပြီး ရေဖြင့် စင်ကြယ်စွာဆေးကာ နူးညံ့ပျော့ပြောင်းသည်အထိ ချက်ရသည်။ (ဆန်ပြုတ်ကဲ့သို့ မဖြစ်စေရ၊ ပုံမှန်စားနေကြ ထမင်းထက်လည်း အနည်းငယ် ပျော့အောင် ချက်ရသည်။) ထမင်းချက်ပြီးပါက ထမင်းများကို ရေသန့်ရေအေးတို့ဖြင့် အထပ်ထပ်အခါခါ ထပ်မံဆေးပေးရသည်။ ရေဆေးပြီးပါက ဇကော၊ ဇကာထဲသို့ ထမင်းများကို လောင်းထည့်ကာ ရေစစ်ထားရမည် ဖြစ်သည်။ ထမင်းများ ရေစစ်သွားပါက သင်္ကြန်ထမင်းကို ရရှိပြီ ဖြစ်သည်။

Mote Nyin Paung

frame

Mote Nyin Paung

မုန်ညင်းပေါင်း

မနက်ခင်းစာအတွက် လွယ်လွယ်ကူကူ လုပ်စားလို့ရမယ့် မုန်ညင်းပေါင်းနည်းလေး ဖော်ပြပေးပါမယ်ရှင်။ မုန်ညင်းပေါင်းကို မနက်ခင်းစာအအဖြစ် ရေနွေးကြမ်းနဲ့ တွဲဖက်သုံးဆောင်နိုင်သလို ရှမ်းခေါက်ဆွဲ၊ မြီးရှည်တို့နဲ့လဲ တွဲဖက် သုံးဆောင် နိုင်ပါတယ်။အလိုက်ဖက်ဆုံးက ခေါပုတ်ကြော်လေးနဲ့ပါနော်။

ကဲ လုပ်ရတာ လွယ်ကူပြီး အဟာရပြည့်ဝတဲ့ မုန်ညင်းပေါင်းလေး လုပ်စားကြည့်ရအောင်။

ပါဝင်ပစ္စည်း


မုန်ညင်းရွက် – ၂ စည်း
ခရမ်းချဉ်သီး – ၁ လုံး
မြေပဲ – ၁ ဇွန်း (ဟင်းစားဇွန်း)
ဆန်မှုန့် – ၂ ဇွန်း ( ဟင်းစားဇွန်း)
ပဲပုတ် – ၁ ချပ်
ဆား – အနည်းငယ်
ဟင်းခတ်မှုန့် – အနည်းငယ်

 

တွဲဖက်စားသုံးရန်

ကြက်သွန်ဖြူဆီချက်
ငရုတ်သီးတောင့်ကြော်
ဂျူးမြစ်

ချက်ပြုတ်နည်း

မုန်ညင်းပေါင်းအတွက် မုန်ညင်းကို ပန်းအဝါလေးတွေပါတဲ့ မုန်ညင်းအမျိုးအစားကို သုံးထားပါတယ်။ပထမဦးဆုံး မုန်ညင်းအရွက်တွေချည်းပဲခြွေပြီး ဆားရည် ခဏ စိမ်ထားပါမယ်။ခရမ်းချဉ်သီးကိုလည်း ဆားရည်စိမ်ထားပါမယ်။

ပဲပုတ်ကို မီးအေးအေးနဲ့ မွှေးအောင် အချိန်ခဏလေးကင်ပြီး ထောင်းထားပါမယ်။ မြေပဲကိုလည်း ကွဲရုံလေး ထုထားပါမယ်။

ဆားရေစိမ်ထားတဲ့ မုန်ညင်းရွက်တွေကို ရေပြန်ဆေးပြီး ခပ်ပါးပါးလှီးပါမယ်။ခရမ်းချဉ်သီးကိုလည်း ပါးပါးလှီးပါမယ်။

ပါဝင်ပစ္စည်းတွေ အကုန်စုံပြီဆိုရင် ဇလုံတစ်လုံးထဲ စုထည့်ပြီး နှံ့အောင် နယ်ပါမယ်။အရသာ အပေါ့အငံ မြည်းပြီး စိတ်ကြိုက်ဖြစ်ပါက အပူခံနိုင်သည့် ကြွေပန်းကန်အပြန့်ထဲမှာ ငှက်ပျောရွက်ခင်းပြီး နယ်ထားတဲ့ အစာတွေထည့်ပါမယ်။မုန်ညင်းပေါင်းဖို့အတွက် ပေါင်းအိုးထဲ ရေတစ်ဝက်ထည့် အပေါ်ကဇကာခံပြီး ပေါင်းပါမယ်။

၁နာရီလောက် ပေါင်းပြီး အဖုံးဖွင့်ကြည့်တဲ့အခါ မုန်ညင်းရွက်နဲ့ ခရမ်းချဉ်သီးဖတ်တွေ နူးအိနေရင် ရပါပြီ။

မုန်ညင်းပေါင်းရရင် ပူပူနွေးနွေး အနေအထားမှာပဲ အပေါ်ကနေ ကြက်သွန်ဖြူ ဆီချက်လေးဆမ်း ငရုတ်သီးခြောက်တောင့်လေးကိုက် ဂျူးမြစ်လေးကိုက်ပြီး ရေနွေးကြမ်းလေးနဲ့ တွဲဖက်သုံးဆောင်ကြည့်ပါရှင်။

kyan khin rice salad

kyan kin copy

kyan khin rice salad

ကြံခင်း ထမင်းသုပ်

ကြံခင်း ထမင်းသုပ်

ထမင်းဖြူ
● ပဲဆီ
● ကြက်သွန်ဖြူ
● ငရုတ်သီးခြောက်
● ပုစွန်ခြောက်မှုန့် (သို့မဟုတ်)ငါးကျည်းခြောက်မှုန့်
● ကုလားပဲကျက်မှုန့်
● ငရုတ်သီး အလှော်မှုန့်
● ငံပြာရည်
● ဟင်းခတ်မှုန့်

 

တွဲဖက်စားရန်


ကြက်ကြော် ၊အမဲကြော် ၊ဝက်ကြော်
အချဉ် – ပဲတီချဉ်၊ သရက်သီးဆားရည်စိမ်၊ မရမ်းသီးဆားရည်စိမ် စသဖြင့် ကြိုက်နှစ်သက်ရာနဲ့တွဲစားနိုင်ပါတယ်။

ပြုလုပ်နည်း


– ကြံခင်းထမင်းသုပ်ဖို့အတွက် ပေါ်ဆန်းမွှေးဆန် ကောင်းကောင်းကို ချက်ထားပါမယ်။
– ဆီချက် အဝါချက်ဖို့အတွက် ကြက်သွန်ဖြူ ကို အကွင်းလေးတွေ လှီးထားပြီး နနွင်းမှုန့်နဲ့ ဆီချက် ချက်ထားပါမယ်။
– ဆီနီအတွက်က ငရုတ်သီးခြောက်ကို ဒယ်အိုးပူတွင် လှော်ပြီး ထောင်းထားပါ။ပြီးလျှင် ဆီပူအောင်တည်ထားပါ ဆီကျက်ပြီဆိုပါက ခေတ္တအအေးခံပြီး ထောင်းထားသည့် ငရုတ်သီးလှော်မှုန့်ဖြင့် ရောထားပါ။ဒါဆို ဆီနီရပါပြီ။
– ကြံခင်းထမင်းသုပ်ထဲ ထည့်သုပ်ဖို့အတွက် အကောင်းဆုံးက ငါးကျည်းခြောက်မှုန့်ပါ။ငါးကျည်းခြောက်ကို မီးအေးအေးနဲ့ မွှေးအောင်ဖုတ်ပြီး အမှုန့်ထောင်းထားပါ။မရှိရင် ပုစွန်ခြောက်အကောင်သန့်သန့်ကို မီးအေးအေးနဲ့ မွှေးအောင်ပြန်လှော်ပြီး အမှုန့်ထောင်းထားပါ။
– ကုလားပဲကျက်မှုန့် အစစ်ကိုလည်း မီးအေးအေးနဲ့ မွှေးအောင်ပြန်လှော်ထားပါမယ်။
– ငရုတ်သီး အလှော်မှုန့်ကိုလည်း ဆီအနည်းငယ်ထည့်ပြီး မီးအေးအေးနဲ့ ပြန်ကြော်ထားပါမယ်။
– ပါဝင်ပစ္စည်းတွေ အားလုံးစုံပြီဆိုရင်တော့ အရသာ လိုအပ်သလိုထည့်ပြီး မိမိစိတ်ကြိုက် သုပ်စားနိုင်ပါပြီ။

Quick vegetarian recipes

ttl copy

Quick vegetarian recipes

ခံတွင်းမြိန်စေမည့် သက်သတ်လွတ်ဟင်းလျာပြုလုပ်နည်းများ

အရင်လို စားသောက်ဆိုင်တွေသွားပြီး စားဖို့သိပ်အဆင်မပြေတော့တဲ့ဒီအချိန်မှာ Delivery မှာစားဖို့လည်းသိပ်စိတ်မပါဘူးဆိုရင်တော့ ကိုယ်တိုင်ပဲအိမ်မှာ ချက်ပြုတ်ကြရအောင်။ ဒီဟင်းချက်နည်းလေးတွေက အပျင်းလည်း ပြေစေတယ်။ အရသာရှရှိနဲ့ ကိုယ်တိုင်ကိုယ်ကျ သန့်သန်ရှင်းရှင်းစားသုံးနိုင်မှာဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ခံတွင်းမြိန်စေမယ့်သတ်သတ်လွတ်ဟင်းလျာပြုလုပ်နည်းများ အကြောင်းကိုပြန်လည်မျှဝေပေးပါ့မယ်။

ကြွက်နားရွက်သုပ်

ပါဝင်သောပစ္စည်းများ
ကြွက်နားရွက် – ၁၀ ကျပ်သား
ကြက်သွန်နီ – ၂ လုံး
ရှောက်ရွက် – ၁ စည်း
သံပုရာသီး – ၁ ခြမ်း
ငရုတ်သီးစိမ်း – ၅ တောင့်

ကြွက်နားရွက်ကို ၃ ကြိမ်ခန့် သန့်ရှင်းသည်အထိရေဆေး၍ ပါးပါးလှီးပါ။ ကြက်သွန်နီ တစ်လုံးကို ပါးပါးလှီး၍ ဆီချက်ချက်ပါ။ နောက်တစ်လုံးကိုလည်းပါးပါးလှီးထားပါ။ ငရုတ်သီးစိမ်း၊ ရှောက်ရွက်တို့ကို ပါးပါးလှီးထားပါ။

လှီးထားသည့် ကြွက်နားရွက်ထဲသို့ ကြက်သွန်နီ၊ ရှောက်ရွက်၊ ငရုတ်သီးစိမ်းနှင့် ဟင်းခတ်မှုန့်တို့ထည့်ပြီးသမအောင် ရောနှယ်ပါ။ အပေါ့အငံကို ကိုယ်လိုသလို ချိန်ဆထည့်နိုင်ပါသည်။ အချဉ်အရသာအတွက်သံပုရာရည် ညစ်ထည့်ပြီး သုပ်စားနိုင်ပါသည်။

ငှက်ပျောဖူးသုပ်

ငှက်ပျောဖူး – ၁ ဖူး
ကြက်သွန်နီ – ၄ လုံး
ကြက်သွန်ဖြူ – ၂ ဥ
ပဲမှုန့် – စတီးဇွန်း ၁ စွန်း
ငရုတ်သီးမှုန့် – အနည်းငယ်
မန်ကျည်းသီး – လက်တစ်ဆုပ်
ဆီ – ၅ ကျပ်သား


ငှက်ပျောဖူးအရင့်ဖတ်များကို ပြုတ်ပေးပါ။ ပြီးပါက အနုဖတ်ကလေးများကို ပါးပါးလှီးထားပါ။ ကြက်သွန်နီ ၂ လုံးကို ပါးပါးလှီးထားပါ။ ကျန်သည့် ကြက်သွန်နီ ၂ လုံးကို ကြက်သွန်ဖြူနှင့်ရော၍ဆီသတ်ပေးထားပါ။ ငှက်ပျောဖူးလှီးထားသည့်အထဲသို့ ဆီကျက်၊ ကြက်သွန်နီ၊ ပဲမှုန့်၊ ဟင်းခတ်မှုန့်၊ ငရုတ်သီးနှင့် မန်ကျည်းရည်များထည့်၍ ရောနှယ်ရပါမည်။

အညာငရုတ်သီးထောင်း

ငရုတ်သီးစိမ်း – ၅ ကျပ်သား
ကြက်သွန်ဖြူဥတစ်လုံး – ၆ လုံး
နံနံပင် – ၅ ပင်
သကြား၊ ဆား – အနေတော်

နံနံပင်ကို ရေဆေးပြီး သန့်စင်ထားပါ။ ငရုတ်သီးစိမ်းကို ရေဆေးပြီး သီတံနှင့် ကင်ပါ။ ကင်ထားသောငရုတ်သီးစိမ်းကို ကြေညက်အောင်ထောင်းပါ။ နံနံပင်၊ ကြက်သွန်ဖြူ ၊ ဆားနှင့် အချိုမှုန့် (အနည်းငယ်စီ)ထည့်၍ ရောထောင်းပါ။ ထို့နောက် ဆီအနည်းငယ်ဆမ်းပေးပါ။

အသားတုကြော်ချက်

အသားတု – ၁၀ ကျပ်သား
ကြက်သွန်နီ – ၃ ဥ
ကြက်သွန်ဖြူ – ၁၀ မွှာ
ဆား၊ သကြား – အနေတော်
ဆီ – ၂ ကျပ်ခွဲသား
နံနံပင် – အနည်းငယ်

အသားတုကိုရေနွေးဖြင့် မိနစ် ၂၀ ခန့်ရေစိမ်ပါ။ ပွလာပြီး ရေနွေးအေးသွားလျှင် အသားတုမှ အရည်များကိုလက်ဖြင့် ညစ်ထုတ်ပါ။ ထို့နောက် ရေအေးဖြင့် ၂ ကြိမ်ခန့်ဆေး၍ နှစ်ခြမ်း ခြမ်းထားပါ။ ကြက်သွန်နီနှင့်ဖြူအားရောထောင်းပါ။ ကြက်သွန်နီကို အကွင်းလိုက် ပါးပါးလှီးပါ။

ဆီကျက်အိုးထဲသို့ ကြက်သွန်နီ/ဖြုကို ဆီသတ်ပါ။ ကြက်သွန်များ ရွှေဝါရောင်သန်းလာပါက အသားတုခြမ်းများနှင့်သကြား၊ ဆား အနေတော်ထည့်၍ မွှေပါ။ ပြီးလျှင် ရေနို့ဆီဘူးတစ်ဘူးခန့်ထည့်၍ချက်ပါ။ ဟင်းရည်ပွက်၊ အသားတုကျက်လျှင်ဆီကျန်ရေကျန်ထား၍ နံနံပင်အုပ်ပေးပါ။

ထမင်းချဉ်သုပ်

ထမင်းအကြမ်း – ၂ ယောက် (သို့) ၃ ယောက်စာ
ဆီ – ၁၀ ကျပ်သား
ကြက်သွန်နီ – ၃ လုံး
မြေပဲမှုန့် – အနည်းငယ်
ခရမ်းချဉ်သီး – ၁၀ ကျပ်သား
ငရုတ်သီးစိမ်း – ၁၀ ကျပ်သား
ဟင်းခတ်မှုန့် – အနည်းငယ်
ဆား – အနည်းငယ်
ကြက်သွန်မြိတ် – အနည်းငယ်

ပြင်ဆင်ပုံ ကြက်သွန်နီကို ပါးပါးလှီး၍ ဆီချက် ချက်ပါ။ ခရမ်းချဉ်သီးကို ရေနွေးဖျော၍ ပါးပါးလှီးထားပါ။

ထမင်းကို ဆီချက်တစ်ဝက်ခန့်ထည့်၍ ခရမ်းချဉ်သီးဖြင့် သမအောင်နှယ်ပေးပါ။ ငရုတ်သီးစိမ်းအနည်းငယ် မြေပဲမှုန့်တို့ကိုထည့်နှယ်ပါ။ ထို့နောက် ဆီအနည်းငယ်ထပ်ထည့်ကာ သုံးဆောင်နိုင်ပါသည်။ လိုအပ်ပါက ကြက်သွန်မြိတ်ဖြင့်လည်းထည့်သွင်းစားသုံးနိုင်ပါသည်။