Food Cottage

Ayam Penyet (Chilli Lime Fried Chicken)

Food Cottage

ကြက်ခရေဇီတွေအကြိုက်တွေ့မယ့် လှည်းတန်းကဆိုင်

ဒီတစ်ခေါက်ရောက်ခဲ့တဲ့ဆိုင်လေးက ကြက်သားခရေဇီတွေအတွက်
အကြိုက်တွေ့မယ့်ဆိုင်ပါ။ ကြက်သားနဲ့ပတ်သက်တဲ့ ဟင်းပွဲတွေစုံပြီးထိုင်းစာကောင်းကောင်းလေးတွေလည်းရတဲ့ဆိုင်လေးတစ်ဆိုင်ပါ။

Ayam Penyet (Chilli Lime Fried Chicken)

Ayam Penyet (Chilli Lime Fried Chicken) – 4000 Ks

ကြက်အစပ်ကြော်ကို ကြက်ဆီထမင်း၊ မြေပဲ၊ ငါးနီတူကြော်၊ ဟင်းအနှစ်တို့နဲ့တွဲဖက်ပြင်ဆင်ထားတဲ့ဟင်းပွဲပါ။ ကြက်သားအစပ်က အရမ်းမစပ်ပဲ ကြော်တဲ့နည်းလမ်းကခါတိုင်းစားနေကျ ကြက်သားကြော်နဲ့မတူတာကိုတွေ့ရတယ်။ ပုံမှန်စားနေကျမဟုတ်တဲ့ကြက်သားကြော်လေးနဲ့ ကြက်ဆီထမင်း ဟင်းအနှစ်အရသာကောင်းကောင်းလေးနဲ့အရမ်းမကြိုက်ပေမယ့် စားလို့မဆိုးဘူးလို့ သတ်မှတ်ရမယ်။

Honey BBQ Pork – 6000 Ks

အသားများများဝက်နံရိုးကို ပျားရည်နဲ့ကင်ထားတဲ့ သဘောကျမိတဲ့ နံရိုးကင်ပါ။ ဟင်းအပြင်ဆင်လေးကိုက စားချင့်စဖွယ်ဖြစ်ပြီး ထူးခြားတဲ့အရသာလည်းရှိပါတယ်။ နံရိုးတွေဒီထက်ပိုနူးအိမယ်ဆိုရင်တော့ ပိုစားကောင်းမယ်လို့ မြင်မိပါတယ်။

Pandan Leaf Chicken – 3800 Ks

စားလို့အရသာတော်တော်ကောင်းတဲ့ ကြက်သားဆူးမွှေးဖက်ထုပ်ကြော်ပါ။ အသားအရသာနဲ့ဖက်ထုပ်အရသာတော်တေ်ာလေးစားကောင်းပြီး အချဉ်နဲ့တို့စားလို့ကောင်းတဲ့ဖက်ထုပ်ပါ။ တစ်ခုပဲယူထားတဲ့ဈေးနဲ့ ၄ ခုပဲပါတာကတော့ ဈေးများတယ်လို့ခံစားမိပါတယ်။

ဒီဆိုင်မှာ ကြက်သားနဲ့ပတ်သက်တာတွေတော်တော်များတယ်။ ပျားရည်ကြက်ကင်၊ စပါးလင်ကြက်ကြော်၊ ကြက်ဖက်ထုပ်ဟင်းချို၊ ရိုးရာကြက်ခြေထောက်သုပ်တို့လို အသားသောက်ဆန်းဆန်းလေးတွေလည်းရနိုင်ပါတယ်။ ဆိုင်တည်နေရာအနေအထားနဲ့အစားအသောက်အရသာလေးတွေကောင်းပြီး မီနူးထဲကဈေးတွေကို လူငယ်တွေလက်လှမ်းမီနိုင်မယ့် ဈေးတစ်ခုသတ်မှတ်နိုင်ရင်ပိုအောင်မြင်လာမယ့် ဆိုင်လေးလို့ မြင်မိပါတယ်။

ကဲလှည်းတန်းဘက်ရောက်ဖြစ်ရင် ဒီဆိုင်လေးကို ဝင်စားကြည့်ပါဦး

Shop Info

Location

Hledan Center, Ground Floor, Kamayut.

TEL/Email

Phone : 09790254777

Email : No Email

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

The Lord – SanChaung

frame

The Lord – SanChaung

ဘော်ဒါတွေနဲ့ စုသောက်လို့ကောင်းမယ့်ဆိုင်လေး

ဒီတစ်ခေါက်လစာတွေလည်း ထုတ်ထားတာဆိုတော့ သောက်ကြစားကြမယ့်ဘော်ဒါတွေအတွက် ဆိုင်တစ်ဆိုင်ရေးပေးချင်ပါတယ်။ ရှင်စောပုလမ်းက ဖွင့်ထားတာသိပ်မကြာသေးတဲ့ The Lord စမ်းချောင်း ပါ။

The Lord ရန်ကင်းဆိုင်ကိုသွားဖို့ရည်ရွယ်ထားပြီး တကယ်တမ်းအရင်ရောက်ဖြစ်ခဲ့တာကရှင်စောပုကအသစ်ဖွင့်ထားတဲ့ ဆိုင်ကိုရောက်ခဲ့တယ်။ ဆိုင်အနေအထားကျယ်ဝန်းပြီးဆိုင်အသစ်ဖြစ်တာကြောင့်သန့်ရှင်းသပ်ရပ်မှုကတော့ အတော်လေးကောင်းမွန်တယ်။ ဆိုင်ပုံစံကလည်း တော်တေ်ာလေး fine တယ်။

အမြည်းတွေစုံပြီး ဘော်ဒါတွေစုပြီးသွားသောက်လို့ကောင်းတဲ့နေရာတစ်ခုပါ။ အသားနူးအိတဲ့ ဝက်သားပေါင်းကိုတော့တော်တော်လေးသဘောကျတယ်။ စားလိုက်တိုင်းမှာ နူးညံ့တဲ့အရသာကိုရတယ်။ မကြိုက်တဲ့တစ်ချက်က တချို့သုံးထပ်သားဟင်းတုံးမှာ အမွှေးလေးတွေကျန်နေတာကိုသိပ်သဘောမကျပါဘူး။ ကျန်တဲ့အရသာပိုင်းကတော့ လုံးဝအိုကေပါတယ်။

လူအရမ်းများပြီး မှာထားတာကို ခဏခဏသတိပေးနေရတာလေးတစ်ခုလည်းသိပ်တော့ဘဝင်မကျပါဘူး။ ဒါပေမယ့်ပြောပလောက်တဲ့ ပြသနာကြီးတော့မဟုတ်ပါဘူး။ အချုပ်အားဖြင့်ပြောရရင် ထိုင်လို့ကောင်းတယ်။ လူအရမ်းများပေမယ့်ဆိုင်ပုံစံကောင်းတာကြောင့် ပိတ်လှောင်နေတာမျိုးမရှိပါဘူး။ သူငယ်ချင်းတွေဘီယာဆိုင်စုထိုင်ဖို့ သွားသင့်တဲ့ဆိုင်လေးပါ။

Shop Info

Location

No.11, Shin Saw Pu Road, Near Baho Road, Sanchaung Township

TEL/Email

Phone : 09 785 101433

Email : contacts@company.com

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

Besto BBQ & Restaurant

frame

Besto BBQ & Restaurant

မန္တလေးကဘော်ဒါတွေ စားရင်း သောက်ရင်း ဘောလုံးပွဲကြည့်နိုင်မယ့်ဆိုင်

ဒီတစ်ခေါက် မန္တလေးကိုရောက်တုန်း ထိုင်ဖြစ်ခဲ့တဲ့ ဆိုင်တစ်ဆိုင်အကြောင်းကို ဘော်ဒါတွေအတွက် ပြန်လည် မျှဝေပေးချင်ပါတယ်။ ဒီဆိုင်က ဘောလုံးပွဲဝါသနာရှင်တွေအတွက် လုံးဝသဘောကျမယ့်ဆိုင်လို့ဆိုချင်ပါတယ်။

ဘောလုံးပွဲရှိတဲ့ညတွေမှာ ဆိုင်မှာ ပရိုဂျက်တာအကြီးနဲ့ ပြတာကို အတော်လေးသဘောကျမိတယ်။ တစ်ဝိုင်းနဲ့တစ်ဝိုင်း အရမ်းကပ်နေတာမဟုတ်လို့ လွတ်လွတ်လပ်လပ်အားပေးနိုင်တယ်။

ဆိုင်က ခြံဝန်းထဲမှာရှိပြီး ကျယ်ကျယ်ဝန်းဝန်းရှိတာကြောင့် သက်တောင့်သက်သာရှိတယ်။ ဆိုင်မှာ ပင်လယ်စာ နဲ့ပတ်သက်ရင်လူကြိုက်များတဲ့ ပင်လယ်စာဗန်းနဲ့ရေဘဝဲသုပ်၊ အကင်မျိုးစုံရှိလို့ အမြည်းအတွက် လုံး၀ စိတ်ပူစရာမလိုပါဘူး။ ဒီဆိုင်မှာသဘောအကျဆုံးက အပြင်ကပုလင်းယူလာမယ်ဆိုရင်တောင် Charge မကောက်တာကိုပါပဲ။

ဆိုင်မှာ မိန်းကလေးတွေအကြိုက် ပင်လယ်စာသင်္ဘောသီးထောင်း၊ ပင်လယ်စာရခိုင်သုပ်တို့လိုချဉ်ချဉ်စပ်စပ် အစားအသောက်တွေအပြင် အကင်အမျိုးအစားစုံတာရယ်၊ ထိုင်လို့ကောင်းတာရယ်ကြောင့် ဒီဆိုင်လေးကို သဘောကျမိတယ်။

မွေးနေ့ပွဲပဲလုပ်လုပ် Gathering ပဲလုပ်လုပ် ဒီဆိုင်က ခြံဝန်းထဲမှာရှိတာကြောင့် private ဆန်တဲ့ အရသာကို ရနိုင်ပါတယ်။ ကဲ … အကြိတ်အနယ်ရှိတဲ့ ဘောလုံးပွဲတွေကြည့်ရင်း အရသာရှိတဲ့အစားအသောက်တွေစားရင်း သောက်မယ် စားမယ်ဆိုတဲ့ ဘော်ဒါတွေအတွက် ဆိုင်ကောင်းလေးတစ်ဆိုင်ကို လမ်းညွှန်ပေးလိုက်ပါတယ်နော် …

Shop Info

Location

N0 (12/ KaKa-4), 57th street, Thatepan Street (South), Kantharyar Ward, Chanmyatharzi, Mandalay.

TEL/Email

Phone : 09 799176296

No Emails

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

Mr.Jerry Thai BBQ and Hotpot

44203332_2275242536086775_4426815550672338944_n

Mr.Jerry Thai BBQ and Hotpot

ချစ်စရာကောင်းတဲ့ ဆိုင်အပြင်အဆင်နဲ့ အစားအသောက်ကောင်းတဲ့ ဟော့ပေါ့ဆိုင်

ဒီတစ်ခေါက်မှာ လူပြောများနေတဲ့ ဟော့ပေါ့ဆိုင်လေးတစ်ဆိုင်ကိုရောက်ခဲ့တယ်။ အွန်လိုင်းက သူငယ်ချင်းတွေ တော်တော်များများသွားဖူးကြပြီး ဓာတ်ပုံလေးတွေမြင်ထဲက သွားချင်နေတဲ့ ဆိုင်ဖြစ်တဲ့ Mr.Jerry Thai BBQ and Hotpot ဆိုင်ကို ဒီတစ်ပတ်ရောက်ဖြစ်ခဲ့တယ်။

ဆိုင်ပုံစံလေးက သန့်သန့်ရှင်းရှင်းနဲ့ သပ်ရပ်မှုရှိပြီး ဝန်ထမ်းတွေလည်း အဆင်ပြေတယ်လို့ ဆိုရပါမယ်။ အသားအရသာလတ်ဆတ်မှုရှိပြီး အစားအသောက်အမျိုးအစားလည်း တော်တော်လေး စုံလင်အောင် ခင်းကျင်းထားတဲ့ အဝစားဟော့ပေါ့ဆိုင်လေးပါ။

 

အကင်ရော ဟော့ပေါ့ပါ စားလို့ရတဲ့ အိုးလေးဖြစ်ပြီး ရွေးချယ်စရာ ဟင်းရည် ၂ မျိုးရှိပါတယ်။ အက်ဒမင်ကတော့ ချဉ်စပ်ဟင်းရည်ကို ရွေးခဲ့တယ်။ ဟင်းရည်အရသာက အရမ်းချဉ်စပ်ဘက်ကိုမသွားပဲ ပုံမှန်လောက်ပဲဖြစ်တာကြောင့် တစ်ဦးထည်းအမြင်အရ သိပ်သဘောမကျမိပါဘူး။ ဒါပေမယ့် ကုန်သွားတာနဲ့ refill ပြန်လုပ်ပေးတာကိုတော့ သဘောကျမိတယ်။

ဒီဆိုင်ရဲ့ အကင်တော်တော်များများက အရသာကောင်းပြီး Cheese နဲ့တွဲစားရတာကို တော်တော်လေး ခံတွင်းတွေ့မိတယ်။ ကုန်သွားလည်း စိတ်ပူစရာမလိုပဲ ထပ်တောင်းသမျှထည့်ပေးမယ့် ဝန်ထမ်းလေးတွေရှိပါတယ်။

 

အသားအနေနဲ့က အသားအစုံအလင်ရှိပြီး အရသာအမျိုးမျိုးလည်းရှိပါတယ်။ ပင်လယ်စာကတော့ စောစောသွားရင် များများရွေးချယ်စရာရှိနိုင်ပါတယ်။ သဘောကျမိတဲ့နောက်တစ်ခုက Thai Tea နဲ့ Ice lemon tea အေးအေးလေးကိုပါပဲ။ ရေခဲမုန့် တွေလည်းအရသာအစုံရှိပြီး အစားတစ်လိုင်းတွေအတွက် အတော်လေး အဆင်ပြေမယ့် ဆိုင်လေးပါ။

Shop Info

Location

No. 33, Waizayanta Road,Thingyan Kyon Township
Yangon 11071

TEL/Email

Phone : 09 40405 0341

 No emails

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

Willys Korea BBQ

1

Willys Korea BBQ

ကိုရီးယားစတိုင်(လ်) ဝက်သားဆလပ်ကို ဈေးတန်တန်နဲ့အဝစားမယ်

ကိုရီးယားအရသာစစ်စစ် ဝက်သားဆလပ် ကိုမှ စားချင်တဲ့သူတွေအတွက် အရမ်းအရသာရှိတဲ့ Premium Imported Pork များကို အဝစားနိုင်မယ့် Willy’s Korea BBQ ဆိုတဲ့ဆိုင်လေး နဲ့ မိတ်ဆက်ပေးပါရစေ…

မိုးလေးအေးတုန်းမှာ ဝက်သုံးထပ်သားကင်မွှေးမွှေးလေး နဲ့ကင်(မ်)ချီလေးကို ဆလပ်ရွက်လေးနဲ့ထုပ် ငရုတ်သီးစိမ်း ၊ ကြက်သွန်ဖြူလေးပါ ကိုက်စားလိုက်ရင် Ohh…ရှယ်ပဲ

နူးညံ့အိစက်နေတဲ့ ဝက်သုံးထပ်သားလေးကိုဆိုဂျူးလေးနဲ့ တွဲစားမယ်ဆိုလည်း လုံးဝ ကိုရီးယားကားထဲကတိုင်း ဖြစ်သွားမယ် 😋

ကဲ…ဈေးနှုန်းအနေနဲ့ကတော့ ဝက်သုံးထပ်သား နဲ့ ဝက်ဂုတ်သား Buffet ကို ကြိုက်သလောက် အဝစားမှ ၉၈၀၀ ထဲ Tax & Service Charges တွေလည်း လုံးဝထပ်ပေးစရာမလိုတဲ့အပြင် Time Limit လည်းမရှိတော့ Willy’s Korea BBQ ကို အရမ်းကြိုက်သွားပြီလေ Service Charges သာမပေးရတာ ဆိုင်ထဲ စထိုင်လိုက်တာနဲ့ Customer Service ကောင်းတဲ့ Waiter လေးတွေက ”ကိုယ်တိုင်ကင်မှာလား ကင်ပေးရမှာပါလား” လို့ လာမေးပါတယ် အဲ့တော့ မကင်ချင်ဘူး အစားတလိုင်းပဲဆိုလဲ စိတ်ရှည်ရှည်နဲ့ကင်ပေးသမျှ အေးဆေးထိုင်စားရုံပဲ

ပြီးတော့ဝက်သားဆလပ်နဲ့ တွဲစားဖို့ကင်(မ်)ချီက တမျိုးထဲမဟုတ်ပဲ ဂျူးမြစ်သခွားသီး ကင်(မ်)ချီ ၊ ကြက်သွန်နီဥကြော် စသဖြင့် ၆ မျိုးလောက်နဲ့ ကြိုက်သလောက်တွဲစားလို့ရသေးတယ်နော်။ အအီပြေ ကြက်ဥပေါင်း အစိမ့်လေးစားချင်ရင်လဲ ဘေးအကန့်မှာ Free ထည့်ပေးသေးတယ် ဒါ့အပြင် ကိုရီးယားစတိုင်(လ်)အရံဟင်းအဖြစ် ရေဘဝဲအစပ်ကြော် ၊ ကြက်သား ၊ ဝက်သား ၊ အမဲသား ၊ ကင်(မ်)ချီဟင်းရယ် စတဲ့ Side Dishes ၆ မျိုး…၇ မျိူးကိုလည်း စိတ်ကြိုက်အဝစားလို့ရသေးတယ်နော် ( ရေဘဝဲအစပ်ကြော် ကတော့ လူကြိုက်များလို့ Recommend ပါ )

တစ်ခုရှိတာက အကင်ဆိုရင် အရသာနယ်ထားမှ ကြိုက်တဲ့သူတွေကတော့ အကြိုက်တွေ့ပမလားပဲ (ဒါပေမယ့် ကိုယ်တိုင်လဲ အရင်က အကင်ဆို အရသာနယ်မှကြိုက်တာ ခုတော့Willy’s ရဲ့ သဘာဝအရသာကို ကြွေသွားတာ) ဘာလို့ဆို…သူက ကိုရီးယားစတိုင်(လ်) စစ်စစ်မို့ အရသာလုံးဝမနယ်ထားတဲ့ သဘာဝ ဝက်သားတွေဖြစ်ပြီး Local Pork မဟုတ်တဲ့ Premium Imported Pork တွေမလို့ အရမ်းလည်းမအီပဲ ဘာမှမနယ်ထားတဲ့ သဘာဝ ဝက်သားအရသာကိုက ချိုစိမ့်လတ်ဆတ်ပြီး အရမ်းစားကောင်းနေတာပါ

ဆိုင်မှာ တခြားကိုရီးယားအစားအသောက် တွေလည်း တစ်ပွဲချင်းရောင်းပေမယ့် Willy’s မှာဆို ဝက်သုံးထပ်သားဘူဖေးကိုပဲ ပိုကြိုက်လို့ အဲ့ဒါပဲ စားဖြစ်တာများတယ်အအေး ၊ ဘီယာ ၊ ဆိုဂျူး ၊ ဆန်အရက် အကုန်မှာသောက်လို့ရတယ် အပြင်ကနေကိုယ်ကြိုက်တာ ကိုယ် ဝယ်လာပြီး သောက်ချင်လည်းဆိုင်ကအေးဆေးပဲ ခွင့်ပြုတယ်

Willy’s Korea BBQ ဆိုင်ကို ခြုံပြောရရင်တော့…

အရသာ 5 stars
ဝန်ဆောင်မှု 4.5 stars
သန့်ရှင်းမှု 4.5 stars
ဈေးနှုန်း 5 stars ပေးပါတယ်

🏠 ဆိုင်လိပ်စာတွေကတော့ လသာ အောက်ဘလောက် ၁၉ လမ်းထဲမှာ တစ်ဆိုင် ၊ အင်းစိန်လမ်းမပေါ်မှာရှိတဲ့ သမိုင်းလမ်းဆုံအကျော်က ဦးရေခဲလမ်းထိပ်နားမှာ တစ်ဆိုင် ဖွင့်ထားပါတယ်။ ဆိုင်ဖွင့်ချိန်က နေ့လည် ၁၂ နာရီကနေ ည ၁၁ နာရီထိပါ။ ဆိုင်ပိုင်ရှင်ကလည်းကိုရီးယားလူမျိုးစစ်စစ်ဖြစ်ပြီး ၁၉ လမ်းဆိုင်က အပြင်အဆင်ဆို တကယ့်ကိုရီးယားစတိုင်(လ်) ပါပဲ

ကဲ…
ဒါကြောင့် ကိုရီးယားအရသာ ဝက်သုံးထပ်သားကိုမှ အသည်းစွဲ ကြိုက်တဲ့သူတွေအတွက် တကယ်ကို သွားစားကြည့်သင့်တဲ့ ဆိုင်ကောင်းလေးမို့ Foodie တို့အတွက် လမ်းညွှန်ပေးလိုက်ပါတယ်နော်။

Shop Info

Location

No.94, Aungyeikthar street mayangone tsp,Yangon.

TEL/Email

Phone : 09 261 164 547

Email : contacts@company.com

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

Nay Yar 2 Sin O Tan

2

Nay Yar 2 Sin O Tan

ကျိုင်းတုံအကင်နဲ့ ယိုးဒယားအထောင်းစုံစားကြမယ်

ရာသီဥတုလေးက ညနေဆို မိုးအုံ့အုံ့လေးနဲ့ အေးသယောင်ယောင်ဖြစ်လာလို့ ရှူးရှူးရှဲရှဲ ထိုင်းစာဘက်ကို ခြေဦးလှည့်ဖြစ်ခဲ့တယ်။ ဆိုင်ကတော့ စဥ့်အိုးတန်းလမ်းက နေရာ-၂ ကျိုင်းတုံအကင်နဲ့ ယိုးဒယားအထောင်းစုံဆိုင်။
ဆိုင်က ပုံမှန် ပရိသတ်အခိုင်အမာရှိပြီး အရင်က ရွှေဂုံတိုင်ဆိုင်မှာ တစ်ခါစားခဲ့ဘူးတယ်။

ဒီတစ်ခေါက်မှာတော့ အရင်ကနဲ့မတူတာတွေကို ဦးစားပေးမှာစားဖြစ်ခဲ့တယ်။

သင်္ဘောသီးထောင်း – ၁၅၀၀ ကျပ်
ဒီဆိုင်မှာ အရောင်းရဆုံးနဲ့ စားလို့အကောင်းဆုံး နာမည်ကြီးအထောင်းထဲမှာ သင်္ဘောသီးထောင်းပါပါတယ်။ အရသာကောင်းပြီးတော့ ထိုင်းအရသာစစ်စစ်နဲ့ စားလို့ကောင်းပါတယ်။ တော်တော်များများလည်း မှာစားကြတာကိုတွေ့ရတယ်။

 

သင်္ဘောသီးထောင်း

ကျွဲကောသီးထောင်း – ၂၅၀၀ ကျပ်
အရင်က တစ်ခါမှ မစားဖူးတဲ့ အထောင်းပါ။ ကျွဲကောသီးကြောင့် ချဉ်ပြုံးပြုံးလေးဖြစ်မယ်လို့ထင်ထားပေမယ့် အရမ်းမချဉ်တဲ့အရသာမျိုးရှိပါတယ်။ အစားအသောက် အသစ်အဆန်း စားကြည့်ချင်တဲ့သူတွေအတွက် မြည်းသင့်တဲ့ အထောင်းတစ်မျိုးပါ။

ဝက်နံရိုးချဉ်စပ်ဟင်းရည် – ၃၀၀၀ ကျပ်
ထိုင်းအရသာဟင်းချိုရည်ဖြစ်ပြီး အရသာချဉ်စပ်နဲ့ မိန်းကလေးတွေအကြိုက် ဟင်းရည်တစ်မျိုးပါ။ ၀က်နံရိုးအတုံးလေးတွေရဲ့ အရသာကောင်းပြီး အသားပါတာတော့ နည်းတယ်လို့မြင်ပါတယ်။ အကျဉ်းချူပ်ပြောရရင် အရသာကောင်းတယ်၊ အသားပါတာနည်းတယ်။

Shop Info

Location

No 38, Sin O Tan (lower block) Latha.

TEL/Email

Phone : 09 766821847


Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

Conifer 46

frame

Conifer 46

အစားအသောက်ကောင်းတွေစုံတဲ့ တောင်ဥက္ကလာက ဘား

ဒီတစ်ခေါက် တောင်ဥက္ကလာဘက်ကို ခြေဆန့်ရင်း မထင်မှတ်ပဲလမ်းကြုံဝင်ဖြစ်ခဲ့တဲ့ ဖွင့်ထားတာ သိပ်မကြာသေးတဲ့ ဘားတစ်ခုအကြောင်းပြောပြချင်ပါတယ်။ Conifer 46 လို့ခေါ်တဲ့ တောင်ဥက္ကလာပ၊ ဗြဟ္မစိုရ်လမ်းက ဆိုင်လေးပါ။

သူငယ်ချင်းတွေနဲ့စုသွားဖြစ်တာကြောင့် စားဖြစ်ခဲ့တဲ့အမြည်းဟင်းပွဲကတော့ အတော်လေးစုံလင်တယ်။ ဆိုင်ရဲ့ နာမည်အကြီးဆုံးနဲ့ လူစားအများဆုံးလို့ဆိုတဲ့ အဏ္ဏဝါမီးတောက်ဆိုတဲ့ဟင်းပွဲအကြောင်း အရင်ဆုံးစပြောချင်တယ်။ ကကတစ်ငါး၊ ပန်းဂဏန်း၊ ပုစွန်တို့ကို ပင်စိမ်း၊ ပန်းပွင့်တို့နဲ့ရောချက်ထားတဲ့ဟင်းပွဲဖြစ်ပြီး ငါးကြိုက်တဲ့သူတွေရွေးသင့်တဲ့ ဟင်းပွဲလို့ပြောချင်ပါတယ်။

နောက်တစ်ခုက အသားများပြီး စားရတာမွှေးမွှေးလေးနဲ့ အီဆိမ့်နေတဲ့ဝက်ဂုတ်သားကင်ပါ။ ခါတိုင်းစားနေကြပုံစံတွေလိုမဟုတ်ပဲ ပျားရည်၊ ခရုဆီတို့နဲ့ ထိုင်းစတိုင်လုပ်ထားတာကြောင့် အစပ်မစားနိုင်တဲ့သူတွေအတွက် အတော်လေးအဆင်ပြေတယ်။

နောက်ထပ် ရှူးရှူးရှဲရှဲကြိုက်တဲ့သူတွေအတွက်တော့ အမဲကချင်ထောင်းက လည်းစားလို့ကောင်းပြီး ချဉ်၊ စပ်အရသာအပြည့်ပေးနိုင်တဲ့ အမြည်းတစ်ခုပါ။ အချုပ်အနေနဲ့ပြောရရင် အမြည်းအရသာတော်တော်များများက local တွေအတွက် ပါးစပ်မစိမ်းတဲ့အရသာရှိတဲ့ အမြည်းတော်တော်များများရနိုင်ပါတယ်။

သောက်ခဲ့တဲ့ Cocktail တွေအကြောင်းလည်း ဖောက်သည်ချချင်ပါသေးတယ်။ အရသာခပ်ပျော့ပျော့နဲ့ မိန်းကလေးတွေအဆင်ပြေမယ့် Cocktails တွေကတော့ Rosey (Tequila base)၊ Green Lady (Vodka base)၊ Blueberry Margrita (Tequila base) နဲ့ Berry Collin (Gim base) တို့ပဲဖြစ်ပါတယ်။ ခပ်ပြင်းပြင်းချမယ်ဆိုရင်တော့ Blue Arrow Cocktail ကိုရွေးသင့်တယ်လို့ အကြံပြုပါတယ်။ Draught Beer ကတော့ Carlsberg ၊ Myanmar Premium နဲ့ Heineken တို့ရှိလို့ သောက်ဖို့အတွက်လည်း ရွေးချယ်စရာ အတော်လေးစုံလင်ပါတယ်။

ဆိုင်က အပေါ်ထပ်အောက်ထပ် ၂ နေရာရှိပြီး အပေါ်မှာက လူပိူရှင်းပါတယ်။ ဆိုင်ရဲ့အစားအသောက်ကောင်းတယ်၊ ရွေးချယ်စရာစုံလင်တယ် သွားဖို့သင့်တဲ့ နေရာလေးတစ်ခုလို့ ညွှန်းချင်ပါတယ်။

Shop Info

Location

No-676,4/6 Bya Ma Soe Street , Southokkalapa Tsp , Yangon.

TEL/Email

Phone : 09 44790 7940

Email : contacts@company.com

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00