5eb773433cb91

Fried Rice

ထမင်းကြော်

ဒီတစ်ခေါက်ပိတ်ရက်မှာ အိမ်မှာမပျင်းနေရအောင် တစ်ခုခုလုပ်စားကြရအောင်။ အခုတစ်ခေါက်မှာတော့ ထမင်းကြော် ကြော်နည်းသုံးမျိုးအကြောင်းကို ရေးပေးပါမယ်။ ထမင်းကြော်က လူကြိုက်များတဲ့အစားအစာဖြစ်ပြီး ဟိုတယ်တွေကအစ လမ်းပေါ်ကစားသောက်ထိုင်တွေအထိပုံစံအမျိုးအမျိုးနဲ့ ရောင်းချနေတဲ့အရာပါ။ ကဲ ထမင်းကြော်နည်းလေးတွေကို လေ့လာကြည့်လိုက်ရအောင်။

သီဟိုဠ်စေ့ထမင်းကြော်

လိုအပ်သောပစ္စည်းများ

ထမင်း – ဟင်းရည်သောက်ပန်ကန်လုံးတစ်လုံးစာ
သီဟိုဠ်စေ့ကြော် – စားပွဲတင်ဇွန်း ၂ စွန်း
မုန်လာဥအတုံးနီလေးများ – စားပွဲတင်ဇွန်း ၂ စွန်း
ကြက်သွန်ဖြူ – အနေတော် ၅ မွှာ
ပဲငံပြာရည်အကြည် – စားပွဲတင်ဇွန်း ၁ စွန်း
ငံပြာရည် – စားပွဲတင်ဇွန်း ၁ စွန်းဝက်ခန့်
ဟင်းချက်ဆီ – စားပွဲတင်ဇွန်း ၃ စွန်း

ထမင်းကြော်မည့် ဒယ်အိုးထဲသို့ ဆီထည့်ပြီး မီးအပူပေးပါ။ ကြက်သွန်ဖြုကို အနံ့မွှေးလာသည်အထိဆီသတ်ပေးပါ။ ထို့နောက် မုန်လာဥနီထည့်ပါ။ ခဏကြာလျှင် ထမင်းထည့်ကြော်ပါ။ သကြား၊ ပဲငံပြာရည်နှင့်ငါးငံပြာရည်တို့ကို အနေတော်ထည့်ပြီး သမအောင်မွှေကြော်ပေးပါ။ အသင့်ဖြစ်ပြီဆိုပါက ပန်းကန်ထဲထည့်၍အပေါ်မှ သီဟိုဠ်စေ့များဖြန့်ကာ စားသုံးနိုင်ပါပြီ။

ကြက်သွန်ဖြူထမင်းကြော်

ထမင်း – အရည်သောက်ပန်းကန်လုံးတစ်ခွက်
ကြက်သွန်ဖြူစဉ်း – စားပွဲတင်ဇွန်း ၁ စွန်း
ကြက်သွန်ဖြူပါးပါးလှီး – စားပွဲတင်ဇွန်း ၁ စွန်း
ဟင်းချက်ဆီ – စားပွဲတင်ဇွန်း ၃ စွန်း
သခွားသီး၊ မုန်လာဥ၊ ကြက်သွန်မြိတ် – အနည်းငယ်စီ

ဆီကို ဒယ်အိုးထဲထည့်၍ မီးအပူပေးပါ။ ဆီကျက်လျှင် စဉ်းထားသော ကြက်သွန်ဖြူကို အဝါရောင်သမ်းလာသည်အထိဆီပူပူဖြင့် အပူပေးပါ။ ဒယ်အိုးထဲသို့ ထမင်းထည့်ပြီး မွှေကြော်ပါ။ ပဲငံပြာရည်အကြည်ထည့်ပြီး ပါးပါးလှီးထားသည့် ကြက်သွန်ဖြူများကို ဆက်ထည့်ပေးပါ။ ကြက်သွန်ဖြူကျက်သည်ထိ မွှေကြော်ပါ။ ပန်းကန်ပြားတစ်ချပ်အတွင်းထည့်ပြီး
သခွားသီး၊ မုန်လာဥ၊ ကြက်သွန်မြိတ်တို့ဖြင့် ပူပူနွေးနွေးစားသုံးနိုင်ပါသည်။

ဝက်ပေါင်ခြောက် ပျဉ်းတော်သိမ်ထမင်းကြော်

ထမင်း – ဟင်းရည်သောက်ပန်းကန်လုံးတစ်လုံးစာ
ဝက်ပေါင်ခြောက် – လက်ဖက်ရည်ပန်းကန်လုံးတစ်ဝက်
ငရုတ်ရှည်အစိမ်းနှင့်အနီ – အနည်းငယ်စီ
ကြက်သွန်ဖြူ – စားပွဲတင်ဇွန်း ၁ စွန်း
ပျဉ်းတော်သိမ်ရွက် – လက်ဖက်ရည်ပန်ကန်လုံး ၄ ခွက်စာ
ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်
သကြား – စားပွဲတင်ဇွန်း ၁ စွန်း
ပဲငံပြာရည်အကြည် – စားပွဲတင်ဇွန်း ၁ စွန်း
ငါးငံပြာရည် – စားပွဲတင်ဇွန်း ၁ စွန်း
ဟင်းချက်ဆီ – လက်ဖက်ရည်ပန်းကန်ဝက်


ဒယ်အိုးထဲသို့ဆီထည့်၍ မီးအပူပေးပါ။ ဆီကျက်လာပါက မီးကိုအရှိန်လျှော့ချပေးပါ။ ပျဉ်းတော်သိမ်ရွက်များကို လက်ဖက်ရည်ပန်းကန်လုံး ၂ ခွက်စာထည့်၍ ခဏကြော်ပေးပါ။ ပြီးလျှင် ပြန်လည်ဆယ်ယူ၍ ဆီစုပ်စက္ကူဖြင့် ဆီစစ်ထားပါ။ ပျဉ်းတော်သိမ်ရွက်ကြော်သည့် ဆီကျန်ဖြင့် ကြက်သွန်ဖြု၊ ငရုတ်သီးနှစ်မျိုး၊ ငရုတ်ကောင်းတို့ရောထည့်ပြီး အနံ့မွှေးလာသည်ထိ
ဆီသတ်ပေးပါ။ ထို့နောက် ဝက်ပေါင်ခြောက်ထည့်ပြီး သမအောင်မွှေကြော်ပေးပါ။

သကြား၊ ပဲငံပြာရည်နှင့် ငါးငံပြာရည်တို့ကို အနေတော်ထည့်ပေးပါ။ ကျန်နေသေးသည့် ပျဉ်းတော်သိမ်ရွက်တစ်ဝက်ကို ထည့်ပါ။ ကျက်လျှင် ထမင်းထည့်ပြီး အနောတော်ဖြစ်သည်အထိ သမအောင်မွှေကြော်ပေးပါ။ ထမင်းကြော်ရပါက အပေါ်တွင်ပျဉ်းတော်သိမ်ရွက်ကြော်ကို
ထည့်ပြီး အသင့်သုံးဆောင်နိုင်ပါသည်။

Author: Saw Wunna

Recommended Posts