gettyimages-1077963602

Impossible Pork

ဝက်သားတု

ဒီတစ်ခေါက်မှာတော့ အစားအသောက်အကြောင်းတွေ ရှာဖွေရင်း တွေ့ခဲ့တဲ့ဝက်သားတု (Impossible Pork) အကြောင်းကို ပြန်လည်မျှဝေပေးပါမယ်။ လူသားတွေဖန်တီးထုတ်လုပ်ခဲ့တဲ့ ဒီဝက်သားတုကို Las Vegas မှာပြုလုပ်ခဲ့တဲ့ CES 2020 ဆိုတဲ့ ပြပွဲမှာ စတင်မိတ်ဆက်ခဲ့ပြီး လူစိတ်ဝင်စားမှုရခဲ့ပါတယ်။ နည်းပညာနဲ့ဖန်တီးထားတဲ့ ဝက်သားတုဟာ လောလောဆယ်မှာတော့ Sandwiches နဲ့ ဟမ်ဘာဂါအဖြစ်စားသုံးနိုင်ပြီး စမ်းသပ်မှုတွေပြုလုပ်ထားပြီးဖြစ်တဲ့ Burger King ဆိုင်တချို့မှာ စတင်စားသုံးနိုင်ပါပြီ။

ဒီအသားတုကို Impossible Foods ကုမ္ပဏီက တီထွင်ဖန်တီးခဲ့တာဖြစ်ပြီး ပဲပိစပ်ကို အဓိကပါဝင်ပစ္စည်းအနေနဲ့ အသုံးပြုခဲ့တယ်လို့ဆိုပါတယ်။ အခြားပါဝင်ပစ္စည်းတွေအနေနဲ့နေကြာဆီ၊ အုန်းဆီတို့လို သဘာဝအပင်ထွက်ပစ္စည်းတွေနဲ့ ရောစပ်ထုပ်လုပ်ခဲ့ပါတယ်။ အခုလိုမျိုး သဘာဝပစ္စည်းတွေကိုအခြေခံထုတ်လုပ်ခဲ့တာကြောင့် ကျန်းမာရေးနဲ့သင့်တော်တဲ့ စားသုံးစရာတစ်ခုအဖြစ် သတ်မှတ်ခဲ့သူတွေရှိသလို ထုတ်ဖော်ပြောကြားထားခြင်းမရှိတဲ့ ဓာတုပစ္စည်းတွေလည်း ပါဝင်တတ်တာကြောင့် သတိထားစားသင့်တယ်လို့ ပြောဆိုနေကြသူတွေလည်းရှိနေပါတယ်။

ဒီဝက်သားတုမှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေကို ထုတ်လုပ်ခဲ့တဲ့ကုမ္ပဏီက ထုတ်ဖော်ပြောကြားထားခြင်းမရှိသေးပါဘူး။ ပြပွဲမှာ ဒီအသားကို မြည်းစမ်းကြည့်ခဲ့သူတွေကတော့ ဒီအသားတုဟာ ရိုးရိုးဝက်သားထက် ဆိုဒီယမ်ပမာဏ ပိုများတာကြောင့် အနည်းငယ် လေးလေးပင်ပင်ရှိတယ်လို့ဆိုပါတယ်။ နောက်ထပ် ထူးခြားတာတစ်ခုက Kosher နဲ့ Halal Certificate ရထားတာကြောင့် အစ္စလာမ်ဘာသာဝင်တွေပါ စားသုံးနိုင်ပါလိမ့်မယ်။

နည်းပညာပေါင်းမြောက်များစွာတည်ရှိနေတဲ့ Silicon Valley အခြေစိုက် Impossible Foods ကုမ္ပဏီကတော့ ဒီဝက်အသားတုကို စတင်မိတ်ဆက်ခဲ့ပြီး လက်ရှိအချိန်မှာတော့ လူပြောများနေတဲ့ အကြောင်းအရာတစ်ခုဖြစ်နေပါပြီ။ ဝက်အသားတုကို ဘယ်အချိန်မှာစတင်ပြီး ကမ္ဘာအရပ်ရပ်ကို ဖြန့်ချိနိုင်မလဲ၊ မြန်မာနိုင်ငံကိုရော ဘယ်တော့ရောက်လာမလဲဆိုတာတော့ဆက်လက်စောင့်ကြည့်ရပါဦးမယ်။

Author: Saw Wunna

Recommended Posts