မြန်မာတိုင်းရင်းသားလူမျိုးပေါင်းစုံမှာ သက်ဆိုင်ရာယဉ်ကျေးမှုနဲ့ ဓလေ့အရ အစားအသောက်မျိုးစုံရှိကြပါတယ်။ အထူးသဖြင့် ရန်ကုန်လိုနေရာမျိုးမှာဆိုရင်လည်း တိုင်းရင်သားအစားအစာတွေရနိုင်နေပါပြီ။ ဒါပေမယ့် အများစုက ရှမ်းအစားအစာ၊ ရခိုင်အစားအစာဆိုင်တွေလောက်ပဲ ပေါပေါများများရှိပါတယ်။

ဒီတစ်ခါ ထူးထူးခြားခြားအနေနဲ့ မွန်တိုင်းရင်းသားရိုးရာဆိုင်လေးတစ်ဆိုင် ရောက်ဖြစ်ခဲ့တယ်။ ဆိုင်နာမည်က JANA MON ဖြစ်ပြီး မွန်အစားအစာတွေကို အဓိကထားရောင်းချတဲ့ဆိုင်လေးပါ။ ပထမဆုံးစားဖြစ်ခဲ့တာက ဆိုင်မှာလူကြိုက်များတယ်ဆိုတဲ့ Homemade Soup ပါ။

အသားမစားချင်လို့ အသီးအရွက်သီးသန့်ကိုရွေးခဲ့တယ်။ အရသာက ချဉ်ချဉ်စပ်စပ်လေးနဲ့ စားရကောင်းတယ်။ အသားမပါပေမယ့် ဟင်းရည်ရဲ့ အရသာက ပုံမှန်စားနေကျမျိုးနဲ့မတူပဲ အရသာဆန်းဆန်းလေးဖြစ်တယ်လို့ မှတ်ချက်ပြုချင်ပါတယ်။ တစ်ပွဲ ၂၀၀၀ ကျပ်ဖြစ်ပြီး စားရတာတန်တယ်လို့ သတ်မှတ်ပေးချင်ပါတယ်။

နောက်ထပ်စားဖြစ်တာက ချဉ်ပေါင်ထမင်းနှယ်ပါ။ အရသာချဉ်ချဉ်လေးကြိုက်တတ်မယ်ဆိုရင်တော့ ဒါလေးကလည်း စားလို့ကောင်းပါတယ်။ ပုစွန်ကတော့ ရှားရှားပါးပါး တစ်ကောင်ထဲပါပါတယ်။ အောက်မှာပါမလားလို့ လှန်လှောရှာကြည့်ပါသေးတယ်။ ဘာပဲပြောပြော ထမင်းအရသာကောင်းလို့ တစ်ပွဲ ၁၀၀၀ က စားပျော်သေးတယ်လို့ ဆိုရမှာပါ။

ဆိုင်မှာ တခြားထူးထူးခြားခြားဟင်းပွဲလေးတွေလည်း ရပါတယ်။ အစားအသောက်အသစ်အဆန်းတွေ မြည်းလိုတဲ့သူတိုင်း ဒီလစာထုတ်ရက်မှာသွားဖို့ ရိုးရာအစားအသောက်ဆိုင်လေးအကြောင်း လမ်းညွှန်ပေးလိုက်ပါတယ်။

Author: Saw Wunna

Recommended Posts