frame

Kho Taung Moht Di

တီကောင်များနှင့်တူအောင်ဖန်တီးခဲ့သည့် မြန်မာ့အစားအစာ

မြန်မာ့အစားအစာတွေရဲ့ ထူးထူးခြားခြားရာဇဝင်တွေကို ရှာဖတ်ကြည့်မိတုန်း စိတ်ဝင်စားစရာအစားအသောက်တစ်ခုအကြောင်းတွေ့လို့ ပြန်လည်မျှဝေပေးချင်ပါတယ်။ ဒီအကြောင်းအရာက ဒေသခံတွေရဲ့ အစဉ်အဆက် ပါးစပ်ရာဇဝင်တစ်ခုအနေနဲ့ပဲမှတ်ယူရတာဖြစ်ပြီး တကယ်ဟုတ်သည် မဟုတ်သည်ကိုတော့ ယနေ့ထိတိုင် မည်သူမှမသိရှိကြသေးပါဘူး။

ခိုတောင်မုန့်တီ

တီကောင်တွေနဲ့တူအောင်ဖန်တီးခဲ့တဲ့ မြန်မာ့အစားအစာကတော့ ခိုတောင်မုန့်တီပါ။ မင်းတုန်းမင်းရဲ့ တောင်ညာစံမိဖုရားခေါင်ကြီး စကြာဒေဝီ နာမကျန်းဖြစ်ပြီး ခံတွင်းပျက်တဲ့အခါမှာ သမားတော်တွေက ဓာတ်စာအဖြစ်နဲ့ တီနဲ့တူသောအစားအစာကို စားမှ အသက်ရှည်ကျန်းမာမယ်လို့ဆိုတဲ့အတွက် စတင်ဖြစ်ပေါ်လာတယ်လို့ ရာဇဝင်ရှိခဲ့ပါတယ်။ ထိုအခါမှာ မန္တလေးမြို့ ဧရာဝတီမြစ်တစ်ဖက်ကမ်း စစ်ကိုင်း-မင်းကွန်းကားလမ်းပေါ်က ခိုတောင်ရွာကလာတဲ့မင်းမှုထမ်းတွေက မိဖုရားကြီးအတွက် တီနှင့်တူသောမုန့်တစ်ခုကို ပြုလုပ်ဖန်တီးရာမှ နောင်အခါမှာ ခိုတောင်မုန့်တီဟူ၍ ဖြစ်ပေါ်ခဲ့ပါတယ်။

တောရွာဓလေ့ အရွက်သုပ်တဲ့နည်းတွေကို အခြေခံပြီးပြုလုပ်ထားတဲ့ ခိုတောင်မုန့်တီကိုဆက်သခဲ့တဲ့အခါမှာတော့ မိဖုရားကြီး ခံတွင်းလိုက်လာပြီး ကျန်းမာလာခဲ့ပါတယ်။ အခြားအစားအသောက်များပါ စားသောက်ချင်စိတ် ဖြစ်ပေါ်လာသည့်အတွက် လူမမာစာ သာမက အမြဲတမ်းစားသောက်ဖွယ်အဖြစ် ပြုလုပ်ရောင်းချခိုင်းရာမှ ခိုတောင်မုန့်တီကို လူကြိုက်များလာခဲ့ပါတယ်။

ရှေးယခင်က ခိုတောင်ရွာက အမျိုးသမီးအများစုဟာ ခိုတောင်ရွာမှ လှေကလေးများ၊ မော်တော်များဖြင့် ဧရာဝတီမြစ် ကိုဖြတ်ကာ မန္တလေးမြို့သို့ ကူးလာကာ မုန့်တီရောင်းကြပြီး ယနေ့ခေတ်မှာတော့ စစ်ကိုင်းဘက်မှ လိုင်းကားများနဲ့ မန္တလေးကို လာရောက်ပြီး ရောင်းချကြပါတယ်။ခိုတောင်မုန့်တီပြုလုပ်သည့် နည်းပညာတွင် ဟင်းချိုချက်သည့် နည်းစနစ်၊ ဆီချက်နည်းစနစ်၊ အဆာပလာ ထည့်တဲ့နည်းစနစ်များက အားသာပြီး မည်သည့်နယ်တွင်ပင် ရောင်းချစေကာမူ ခိုတောင်မုန့်တီနည်းစနစ်အတိုင်း ပြုလုပ်ကာ ခိုတောင်မုန့်တီအဖြစ်သာ ရောင်းချပြီး လက်ရှိကာလ မင်းကွန်းဒေသသို့ သွားရောက်သူအများစုမှာ အရသာထူးကဲသည့် ခိုတောင်မုန့်တီကို အားထား စားသောက်လေ့ရှိပါတယ်။

ခိုတောင်မုန့်တီသည် မန္တလေးမုန့်တီကဲ့သို့ မုန့်ဖတ်ကမကြီး၊ အသားဟင်းအနှစ်များ မပါပေ။ ကြက်သွန်ဖြူနီ ဆီချက်၊ အရောင်တင်ဆီချက်၊ နနွင်းဆီချက်၊ ပဲသီး၊ မုန်လာထုပ် (ဂေါ်ဖီထုပ်)တို့ဖြင့် ရိုးရှင်းစွာသုပ်ထားခြင်းဖြစ်သည်။ ဟင်းချိုရည်မှာ ပိတ်ဆွယ်၊ တရုတ်နံနံ၊ ဗမာနံနံ၊ ငါးခေါင်း၊ ချင်း၊ ကြက်သွန်ဖြူတို့ ထည့်ကာ ချက်လေ့ရှိပါတယ်။ခိုတောင်မုန့်တီသည်များကို ဆီချက်ထည့်ရာတွင် ဒန်အိုးများကို အသုံးမပြုဘဲ ဒေသထွက် စဉ့်ထည်အိုးသေးလေးများ၊ စဉ့်အင်တုံများဖြင့် ထည့်ထားတတ်ကြသည်။ ဟင်းချိုရည်အိုးကိုလည်း ဒန်အိုးကို အသုံးမပြုဘဲ လက်ဖြစ်မြေအိုးများဖြင့် ထည့်ထားကြပြီး ဟင်းချို တစ်နေကုန်နွေးနေစေရန် အိုးကို ဖျင်ကြမ်းထည်သန့်သန့်ဖြင့် ပတ်ထားတတ်ကြတယ်။

ယခင်က ခိုတောင်မုန့်တီသည်များသည် ကိုယ်ရောင်းမည့် မုန့်တီဖတ်ကို ကိုယ်တိုင်ညှစ်ကြရပါတယ်။ နံနက်စောစော အိပ်ရာထကာ မုန့်တီဖတ်ညှစ်ပြီး မန္တလေးမြို့ပေါ်သို့ ခိုတောင်မြစ်ဆိပ်မှတဆင့် ခိုတောင်ငှက်လှေများဖြင့် ကူးကြရတယ်။ ဂေါဝိန်ဆိပ်မှတဆင့် ဆေးလိပ်ခုံ၊ ဖိနပ်ရုံ၊ ဈေးချိုတော်၊ တရုတ်တန်းဈေး အစရှိသည့်နေရာများဆီသို့ သွားရောက် ရောင်းချလေ့ရှိကြပါတယ်။မြန်မာ့ယဉ်ကျေးမှု အငွေ့အသက်အပြည့်နဲ့ ချစ်စရာမြန်မာ့ရိုးရာအစားအသောက်တွေကို တန်ဖိုးထား မြတ်နိုးပြီး နှစ်ခြိုက်စွာစားသုံးစေချင်ပါတယ်။
 

Author: Saw Wunna

Recommended Posts