64668433_2322453851339840_2134704355062841344_o

Traditoinal Pineapple Salad

နာနတ်သီးသုပ်

နာနတ်သီးသုပ်ဟာ မြိတ်ဒေသဖက်က အစားအစာ တစ်မျိုးပဲ ဖြစ်ပါတယ်။ အခုလို နာနတ်သီး ပေါတဲ့ရာသီရောက်ရင် ကျွန်မတို့အိမ်မှာ နာနတ်သီးသုပ်၊ နာနတ်သီးဝက်သား၊ နာနတ်သီးနဲ့ငါးစသဖြင့် မကြာခဏချက်စားလေ့ရှိပါတယ်။ နာနတ်သီးသုပ်ဟာ အနံ့အရသာနဲ့ပြည့်စုံတဲ့ အရံဟင်းတစ်ခွက် ဖြစ်တဲ့အတွက် ထမင်းမြိန်စေပါတယ်။

ပါဝင်ပစ္စည်း


● နာနတ်သီး – ၁စိတ်
● ကြက်သွန်နီ – ၂ဥ ငရုတ်သီးစိမ်း – ၆တောင့် (အစပ်ကြိုက်က ပိုထည့်ပါ)
● မြိတ်ငါးပိဖုတ် – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
● ပုစွန်ခြောက်မှုန့် – ၂ ဇွန်း (ဟင်းစားဇွန်း)
● ဟင်းခတ်မှုန့် – အနည်းငယ်
● သံပုရာသီး – ၁ ခြမ်း(လိုအပ်ပါက)

နာနတ်သီးသုပ်တဲ့အခါ နာနတ်သီးကို အနည်းငယ်ချဉ်တာ သုံးရင် ပိုကောင်းပါတယ်။ အချိုသီးဆိုရင်လည်း ရပါတယ်။ အချိုသီးသုံးမယ်ဆိုရင်တော့ သံပရာရည် အနည်းငယ် ညှစ်ပေးရပါမယ်။

ပထမဦးဆုံး နာနတ်သီးကို လက်မဝက် အရွယ်အစား တုံးထားပါ။ငရုတ်သီးစိမ်းကို ခပ်ကြမ်းကြမ်း ထောင်းထားပါ။
ကြက်သွန်နီ ၂လုံးကို ပါးပါးလှီးထားပါ။
ပါဝင်ပစ္စည်းများ အဆင်သင့် ဖြစ်ပါက သုပ်မည့်ဇလုံထဲသို့ ကြက်သွန်နီ၊ငပိဖုတ်၊ ပုစွန်ခြောက်မှုန့်၊ ဟင်းခတ်မှုန့်နှင့် ငရုပ်သီးစိမ်း ထောင်းထားသည်များထည့်ကာ သမအောင်နယ်ပါ။ နောက်ဆုံးတွင်မှ နာနတ်သီးစိတ်များထည့်ကာ နယ်ပါ။ အချဉ်လိုပါက သံပရာရည် ညှစ်ပါ။ နာနတ်သီးသုပ်က ချဉ်ချဉ်စပ်စပ် လေးမှ ပိုစားကောင်းပါတယ်။ အစပ်ကို ကိုယ်စားနိုင်သလောက်ထည့်ပါ။

Author: Saw Wunna

Recommended Posts